(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားသမားများအား မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ



နေပြည်တော်    ဇွန်   ၂


(၃၂) ကြိမ်မြောက်  အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်  ပြေးခုန်ပစ်အားကစားသမားများအား  မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဂုဏ်ပြုဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်  ၉  နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း   Gold   Camp   ရှိ Multipurpose Hall  ၌   ကျင်းပသည်။


အခမ်းအနားသို့  အားကစားနှင့်  လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးရှိန်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ အသင်းအုပ်ချုပ်သူနည်းပြများ၊ အားကစား သမားများ၊ ဖိတ်ကြားထားသူများ၊  အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍကို ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးနေသည့်အပြင် ထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုလည်း    ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယခု နှစ်ထက် ဆုတံဆိပ်များ ပိုမိုရရှိပြီး အောင်မြင်မှုများ ရရှိအောင် ပိုမိုကြိုးပမ်းအားထုတ်သွားကြရန် လိုကြောင်း၊  စိတ်ဓာတ်နှင့် ခံယူချက်သည် အရေးကြီးသည့်အတွက် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့် မိမိအားကစားနည်းကို ချစ်မြတ်နိုး စိတ်ထားရှိပြီး မလျှော့သောဇွဲ၊ စိတ်ဓာတ်၊ လုံ့လ၊     ဝီရိယတို့ဖြင့် မြန်မာ့ပြေးခုန်ပစ် အားကစားကဏ္ဍ တိုးတက်အောင်၊ နိုင်ငံ့ဂုဏ်ကို ထပ်ဆင့်မြှင့်တင်နိုင်အောင် ဆတက်ထမ်းပိုး      ဆက်လက်ကြိုးပမ်း လေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားသည်။


ဆက်လက်၍   မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်မာနိုင်ငံပြေးခုန် ပစ်အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆုများရရှိအောင် လေ့ကျင့်သင်ကြား ပေးခဲ့သည့် တာဝေးနည်းပြနှစ်ဦးထံ ဂုဏ်ပြုဆုငွေကျပ်   ၁၀  သိန်းစီကိုလည်းကောင်း၊  မြန်မာနိုင်ငံ  ပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးရှိန်ဝင်းက   အမျိုးသားကီလိုမီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲတွင် တတိယ ဆုရရှိခဲ့သည့် မောင်ပြည့်ဖြိုးထွန်းထံ ဂုဏ်ပြုဆုငွေကျပ်သိန်း  ၃၀ ကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီးက       အမျိုးသားမီတာ ၁၀၀၀၀အပြေးပြိုင်ပွဲတွင် တတိယ ဆုရရှိခဲ့သည့် မောင်သန်းထိုက်စိုး ထံ ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၃၀ ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြပြီး    ပြေးခုန်ပစ်အဖွဲ့ချုပ်သို့ လှူဒါန်းထားသော အလှူရှင်များအား  ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ဆုရအားကစား သမားများကိုယ်စား  မောင်သန်းထိုက်စိုးက    ကျေးဇူးတင်စကား ပြောကြားပြီး    အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


ထို့နောက်  ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဝဏ္ဏသိဒ္ဓိ မြားပစ်လေ့ကျင့်ရေးကွင်း၌  လေ့ကျင့်လျက် ရှိသည့် မြားပစ်မြန်မာ့လက်ရွေးစင်အား ကစားသမားများနှင့် လူငယ်မျိုးဆက်သစ်   အားကစားသမားများ၏   လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး    မိမိတို့၏ အရည်အသွေး၊ အရည်အချင်းများပြည့်ဝပြီး     အောင်မြင်မှုများ ပြန်လည်ရရှိအောင် အားသွန်ခွန်စိုက် ကြိုးစား လေ့ကျင့်ကြရန်လိုကြောင်း မှာကြားပြီး အားကစားသမားများအတွက် လိုအပ်သည့် လေ့ကျင့်ရေးသုံး အထောက်အကူပစ္စည်းများနှင့် အခက်အခဲများကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.