ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ
နေပြည်တော် ဇွန် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီး ဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ချင်းပြည်နယ် ဟားခါးမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်သည် တာဝန်ရှိသူများနှင့်အတူ ဟားခါးမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသော ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားများ ပြောကြားသည်။
အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် တာဝန်ရှိသူများနှင့်အတူ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးပြီး ပြင်ဖြူမော်ရပ်ကွက်ရှိ ရေထိန်းတမံ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ဆိုင်ကလုန်း ရှယ်တာ(Cyclone Shelter)များကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။
ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း သည် တာဝန်ရှိသူများနှင့်အတူ ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မုန်တိုင်း ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်များအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း သည် တာဝန်ရှိသူများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၏ ဂိုဒေါင်တွင် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် ယနေ့နံနက်ပိုင်းတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများ စာရင်း အမှန်ရရှိစေရေးအတွက် သက်ဆိုင်ရာကျေးရွာများသို့ စာရင်းကောက်အဖွဲ့များ စေလွှတ်ဆောင်ရွက်နိုင်ရေး လိုအပ် သည်များ ညှိနှိုင်းဆွေးနွေးသည်။ ဆက်လက်၍ ဗိုလ်မှူးချုပ် အောင်ကျော်မိုးသည် တာဝန်ရှိသူများနှင့်အတူ ညနေပိုင်းတွင် စစ်တွေမြို့နယ်အတွက် ခွဲဝေရရှိထားသော သစ်ခွဲသားများအား မြို့နယ်အဆင့် တာဝန်ရှိသူများမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ စနစ်တကျ ဖြန့်ခွဲပေးဝေနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် အောင်သူဦးသည် တာဝန်ရှိသူများနှင့်အတူ ကျောက်တော်မြို့၊ မှန်ကျောင်းကျောင်းတိုက်သို့ သွားရောက်၍ အဆိုပါကျောင်းတိုက်ရှိ သံဃာတော်များ ဆွမ်းကိစ္စ ရပ်များ အဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments