(၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အောင်ပွဲရ မြန်မာကာယဗလ အားကစားအဖွဲ့အား ဂုဏ်ကြိုဆို



ရန်ကုန် ဇွန် ၁၂


 အင်ဒိုနီးရှားနိုင်ငံ ဘာတန်(Batam)မြို့၌ ဇွန်လ ၈ ရက်မှ ၁၂ရက်အထိ ကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ (17th Southeast Asia Bodybuilding & Physique Sports Championships) အောင်ပွဲရ မြန်မာ့ကာယဗလ အားကစားအဖွဲ့သည် ယနေ့မွန်လွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ လာရာ  မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြည်သူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။


မြန်မာကာယဗလအားကစားအဖွဲ့တွင် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်း(အုပ်ချုပ်သူ)၊ ဦးမင်းဇော်ဦး(နည်းပြ)နှင့် အားကစားသမားများဖြစ်သည့် ပြည့်ဖြိုး(၅၅ကီလိုတန်း)၊ အောင်သန်းဌေး(၈၀ကီလိုတန်း)၊ ဟိန်းထက်ကျော်(၈၅ကီလိုတန်း)၊ ဟိန်းထက်ဇော် (Men’s Athletic Physique ၁၆၅ စင်တီမီတာ)၊ ငြိမ်းချမ်း(  Mens Sports Physique ၁၇၅စင်တီမီတာ)၊ မီမီကျော်နိုင် Women`s Model Physique ၁၆၀ စင်တီမီတာ )တို့ ပြန်လည် လိုက်ပါလာကြသည်။


အဆိုပါမြန်မာကာယဗလအားကစားအဖွဲ့သည် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် Men's Athletic Physique ၁၇၅ စင်တီမီတာ ပြိုင်ပွဲ၌ ငြိမ်းချမ်းက ပထမဆု၊ Men's Athletic Physique ၁၆၅ စင်တီမီတာ ပြိုင်ပွဲ၌ ဟိန်းထက်ဇော်က တတိယဆု၊ Women's Model Physique ၁၆၀ စင်တီမီတာပြိုင်ပွဲ၌ မီမီကျော်နိုင်က ဒုတိယဆု၊ Mixed Pair ပြိုင်ပွဲ၌ ဟိန်းထက်ဇော်နှင့် မီမီကျော်နိုင်တို့အတွဲက တတိယဆု၊ ၅၅ ကီလိုတန်းပြိုင်ပွဲ၌ ပြည့်ဖြိုးက ဒုတိယဆု၊ ၈၀ ကီလိုတန်းပြိုင်ပွဲ၌ အောင်သန်းဌေးက ဒုတိယဆု၊ ၈၅ ကီလိုတန်းပြိုင်ပွဲ၌ ဟိန်းထက်ကျော်က တတိယဆု အသီးသီးရရှိခဲ့ရာ စုစုပေါင်း ရွှေ(၁)ဆု၊ ငွေ(၃)ဆု၊ ကြေး(၃)ဆုရရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.