ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
နေပြည်တော် ဇွန် ၁၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ကျင်းပသည့် ပညာရေးဖိုရမ်သို့တက်ရောက်ခဲ့သော ပညာရေး၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာ ကျော်ဆန်းဝင်း နှင့်အတူ ဇွန် ၁၁ ရက် ည ၈ နာရီတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချစ်စိန်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေ၀င်းဦးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားနိုင်ငံတွင်ရှိစဉ်အတွင်း ရုရှား ဖက်ဒရေးရှင်းသိပ္ပံနှင့် အဆင့်မြင့်ပညာဆိုင်ရာ ပညာရေးဝန်ကြီးဦးဆောင်သည့် ရုရှားပညာ ရေးအဖွဲ့နှင့်တွေ့ဆုံကာ ကျောင်းသား၊ ဆရာဆရာမများ ပညာတော်သင်အပြန်အလှန်စေလွှတ်ရေး၊ ရုရှားဘာသာစကားသင်ကြားရေး၊ စာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ ရုရှားဘာသာစကားစင်တာ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
အဆိုပါပညာရေးဖိုရမ်ကို Shaping the Future (အနာဂတ်ကိုပုံဖော်ခြင်း) ခေါင်းစဉ်ဖြင့် အနာဂတ်ပညာရေး မြှင့်တင်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပညာရေးဝန်ကြီးများအကြား ပူးပေါင်းဆောင်ရွက်ရန်၊ အတွေ့အကြုံနှင့် အမြင်ချင်းဖလှယ်ရန် ရည်ရွယ်ချက်ဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ဇွန် ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ပြီး ပညာရေးဝန်ကြီး ၂၂ ဦးနှင့် ပညာရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments