လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃ ) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ဇွန် ၁၂
လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကထိက များနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ရန်ကုန်သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ကထိကများနှင့် သင်တန်းသားများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မဟာ ဗျူဟာရည်မှန်းချက်များဖြစ်သည့် စစ်ဆေးရေးလုပ်ငန်းအရည်အသွေး ပိုမိုတိုးတက်ကောင်းမွန် စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများသည် စစ်ဆေးရေးနှင့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုများတွင် ဝန်ထမ်းငယ်များကို ကြီးကြပ်ကွပ်ကဲရသူများဖြစ်သည့်အပြင် ဌာနစီမံခန့်ခွဲသူများ၏ လမ်းညွှန်မှုကို လည်း လိုက်ပါအကောင်အထည်ဖော်ရသူများဖြစ်၍ အသိပညာ၊ အတတ်ပညာနှင့် အတွေ့အကြုံ ဗဟုသုတများပြည့်ဝနေရန် အထူးလိုအပ်ပါကြောင်း၊ ယခုသင်တန်းသည် စာရင်းစစ်စံများနှင့်အညီ စစ်ဆေးရေးလုပ်ငန်းစဉ်အလိုက် လုပ်ငန်း ဆောင်ရွက်မှုများကို လက်တွေ့လေ့ကျင့်သင်ကြားပို့ချမှု Job Training ပုံစံဖြင့် သင်ကြား ပို့ချမည်ဖြစ်ရာ တန်ဖိုးထား၍ သင်ယူကြစေလိုကြောင်း၊ သင်တန်းမှ သင်ယူ ရရှိမှုများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်း၊ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရေး ကိုယ်တိုင်လေ့လာဆည်းပူးခြင်းတို့ဖြင့် မိမိတို့၏အရည်အသွေးကို မြှင့်တင်ကြ စေလိုကြောင်း။
စာရင်းစစ်ဝန်ထမ်းများသည် ပြည်သူ့ဘဏ္ဍာ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ထိန်းကျောင်းပေး ရသည့် ပညာရပ်ဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသူများဖြစ်သည့်အတွက် ကျင့်ဝတ်သိက္ခာ စောင့်ထိန်းလျက် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ရုံး၏အစဉ် အလာကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံမှအားထားရသော ပညာရှင်ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစား ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော်ကျောင်းအုပ်က သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ဒေသစာရင်းစစ်ရုံးများမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ စုစုပေါင်း (၁၆၉) ဦးတို့ကို အဆင့်မြင့်စာရင်း ကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း၊ နေပြည်တော်နှင့်ရန်ကုန်တို့တွင် တစ်ပြိုင်တည်း ဇွန် ၁၂ ရက်မှ ဇူလိုင် ၇ ရက်အထိ ဘာသာရပ် (၆) ခုကို သင်ကြားပို့ချသွားမည် ဖြစ်သည်။
(သတင်းစဉ်)
No comments