ရေရှည်တိုးတက် အရှိန်အဟုန်မပျက် သမဝါယမရဲ့ ဆောင်ရွက်ချက်





စစ်လွမ်းနောင်(မန်းမြေသား)


ကမ္ဘာပေါ်ရှိ သမဝါယမလုပ်ငန်းများအောင်မြင် ထွန်းကားသောနိုင်ငံများတွင် နှစ်စဉ်နှစ်တိုင်း မိမိတို့နိုင်ငံ၏အစီအစဉ်ဖြင့် သင့်လျော်သည့်နေ့တစ်နေ့ကို သမဝါယမနေ့ဟူ၍ သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများ ကျင်းပခဲ့ကြသည်။


အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဟူ၍ ကမ္ဘာပေါ်တွင် ပထမဆုံးကျင်းပသည့်နေ့မှာ ၁၉၂၃ ခုနှစ် ဇူလိုင်လ၏ ပထမပတ်စနေနေ့ဖြစ်သည်။ ထိုနှစ်မှစ၍ ကမ္ဘာ့နိုင်ငံများတွင် နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့တိုင်း အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကျင်းပခဲ့ကြသည်။ ဤကဲ့သို့ အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ဟူ၍ ဖြစ်ပေါ် လာရသည်မှာ ICA-International Co-operative Alliance ခေါ် အပြည်ပြည်ဆိုင်ရာ သမဝါယမ အဖွဲ့ချုပ်ကြီး၏ ကြိုးပမ်းမှုကြောင့်ပင်ဖြစ်သည်။ ထိုအဖွဲ့ချုပ်ကြီးကို ၁၈၉၅ ခုနှစ်ကစ၍ တည်ထောင်ခဲ့ကြသည်။


အဖွဲ့ချုပ်ကြီး၏ အဓိကရည်ရွယ်ချက်မှာ လူတစ်ဦး

တစ်ယောက်တည်း ကောင်းစားရေးထက် လူအများကောင်းစားရေးကို ရှေးရှုသော သမဝါယမလုပ်ငန်းများ ကမ္ဘာပေါ်တွင် ပြန့်ပွားထွန်းကားစေရန်ဖြစ်သည်။ ထိုအဖွဲ့ချုပ်ကြီးသည် တစ်စထက် တစ်စ တိုးတက်ကြီးပွားလာခဲ့ရာ ၁၉၃၀ ပြည့်နှစ်တွင် နိုင်ငံပေါင်း ၄၀ မှ သမဝါယမအဖွဲ့ချုပ်ပေါင်း ၁၁၇ ဖွဲ့က အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ယခုအခါ နိုင်ငံပေါင်း ၁၀၇ နိုင်ငံမှ သမဝါယမအဖွဲ့ချုပ်ပေါင်း ၃၁၇ ဖွဲ့က အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့ကြသည်။ မြန်မာနိုင်ငံမှ ဗဟိုသမဝါယမအသင်းသည် ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။


မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင် ခဲ့ပြီးနောက် ယခင်ခေတ်အဆက်ဆက်က ဖွဲ့စည်းခဲ့သည့် သမဝါယမ အသင်းဟောင်းများအား ဈေးကွက်အခြေပြု စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့် အလျောက် ပြောင်းလဲလာသော အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် စီးပွားရေးလုပ်ဆောင်နိုင်မည့် အခွင့်အလမ်း၊ လုပ်ကိုင်ခွင့်များ ဖြစ်ထွန်း ပေါ်ပေါက်လာစေရန်၊ အပြည်ပြည်ဆိုင်ရာ သမဝါယမ အခြေခံမူများအပေါ်အခြေခံပြီး သမဝါယမစီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို အဟန့်အတားများနှင့် ချုပ်ကိုင်စေခိုင်းမှုများမရှိဘဲ ကိုယ်တိုင်ကြိုးပမ်းအားထုတ်မှု ရှိလျှင်ရှိသလောက် တိုးတက်မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ၁၉၉၂ ခုနှစ် သမဝါယမအသင်း ဥပဒေနှင့်အညီ သမဝါယမအသင်းများအား ပြုပြင်ဖွဲ့စည်းခြင်း၊ တိုးချဲ့ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။


ထိုကဲ့သို့ ဆောင်ရွက်ခဲ့ရာ ၃၁-၅-၂၀၂၃ ရက် နေ့အထိ လုပ်ငန်းဆောင်ရွက်မှုအလိုက် ကုန်ထုတ် လုပ်မှုသမဝါယမအသင်း ၃၁၉၉၀ သင်း၊ ဝန်ဆောင်မှုသမဝါယမအသင်း ၃၆၀၄ သင်းနှင့်ကုန်သွယ်မှု သမဝါယမအသင်း ၃၁၁၅ သင်းဖြစ်ပြီး သမဝါယမ အသင်းပေါင်း ၃၈၇၀၉ သင်းကို ဖွဲ့စည်းနိုင်ခဲ့သည်။ အသင်းအမျိုးအစားများအနေဖြင့် ဗဟိုသမဝါယမ အသင်းတစ်သင်း၊ သမဝါယမအသင်းစုချုပ် ၂၂ သင်း၊ သမဝါယမအသင်းစု ၄၄၈ သင်း၊ အခြေခံသမဝါယမ အသင်း ၃၈၂၃၈ သင်း စုစုပေါင်း ၃၈၇၀၉ သင်း ဖြစ်သည်။


အမျိုးသားစီမံကိန်း ရည်မှန်းချက်အပေါ် အကောင် အထည်ဖော်နိုင်မှု


သမဝါယမသည် ပြောင်းလဲလာသော နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ စီးပွားရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုဟူသော သမဝါယမအခန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားခဲ့မှုကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော်များများ စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ကုန်ထုတ်လုပ်မှုများ ကျဆင်းလာသည့်အတွက် ကုန်ပစ္စည်းဈေးနှုန်းများမြင့်တက်ခြင်း၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် ချေးငွေ အပေါ် ရရန်ရှိသည့်ဝင်ငွေများ မရရှိသေးခြင်း၊ အရောင်းအဝယ် ကုန်သွယ်မှုလုပ်ငန်းများ ကျဆင်းလာခြင်း စသည့်အခက်အခဲ၊ အကျပ်အတည်းများကြားမှ ၂၀၂၂ -၂၀၂၃ ခုနှစ်တွင် သမဝါယမထုတ်လုပ်မှုကဏ္ဍမှ ကျပ် ၉၂ ဒသမ ၁၂၅ ဘီလီယံနှင့် သမဝါယမ ဝန်ဆောင်မှုကဏ္ဍမှ ကျပ် ၆၇ ဒသမ ၈၅၉ ဘီလီယံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။


သမဝါယမ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီလယ်ယာသုံး စက်ကိရိယာများ အသုံးပြုနိုင်ရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးတို့အတွက် စာရင်းများအရ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုမှ မြို့နယ်ပေါင်း ၂၁၅ ခု၊ အသင်း ပေါင်း ၄၃၉၅ သင်းရှိ အသင်းသား ၁၀၃၈၄ ဦးအား ငွေကျပ် ၁၃၅ ဒသမ ၁၉၅ ဘီလီယံ တန်ဖိုးရှိ စက်ကိရိယာပစ္စည်း ၁၀၈၅၄ မျိုးကို အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးထားကြောင်း၊ ထို့ပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် Quick Win အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ကိုးခုနှင့် နေပြည်တော်ရှိ စံပြကျေးရွာ၊ သမဝါယမအသင်း၊ သမဝါယမအသင်းသားများအတွက် ဒေဒေါင်း လယ်ယာသုံးစက်ကိရိယာ ၅၄ စီး မူလတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၄၅၃ ဒသမ ၁၅၈ သန်းနှင့် ဆက်စပ်ပစ္စည်း ၁၄၉ ခု မူလတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၁၂၆ ဒသမ ၆၃၀ သန်း စုစုပေါင်းငွေကျပ် ၅၉၇ ဒသမ ၇၈၈ သန်းကို ပြည်ထောင်စုအစိုးရအဖွဲ့ ဘတ်ဂျက်မှရရှိအောင် တောင်းခံဆောင်ရွက်ပေးပြီး သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ လယ်ယာဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်စေလျက်ရှိကြောင်း သိရသည်။

 

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိ


စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများ အဆင့်မြှင့်တင်နိုင်ရေးအတွက် ၂၀၂၂ -၂၀၂၃ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးရာသီတွင် ပဲတီစိမ်းစိုက်ပျိုး ထုတ်လုပ်မှုစီမံကိန်းကို တိုင်းဒေသကြီးသုံးခုရှိ မြို့နယ် ၂၁ မြို့နယ်၊ ကျေးရွာ ၃၁၄ ရွာ၊ သမဝါယမ အသင်း ၃၁၆ သင်းမှ အသင်းသား ၁၇၆၆၆ ဦး၏ စိုက်ဧက ၁၂၈၂၁၇ ဧကအတွက် သွင်းအားစုတန်ဖိုး ကျပ် ၁၁၀၉၄ ဒသမ ၅၂၁ သန်း ပံ့ပိုးပေးနိုင်ခဲ့ပြီး ငွေကျပ် ၄၀၄၉၅ ဒသမ ၂၃၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၅၃၁၇၀၃ ဒသမ ၇ တင်းကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ကြောင်း၊ ထိုသို့ ရောင်းချရမှုအပေါ် သမဝါယမအသင်းနှင့် အသင်းသားများအတွက် ပြန်ပေးသည့်ရန်ပုံငွေ (Refund)အဖြစ် ပဲတီစိမ်း ၆၇၉၆၃ ဒသမ ၇ တင်း တန်ဖိုးအားဖြင့် ငွေကျပ် ၅ ဒသမ ၁၅၇ သန်း အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါးစိုက်ပျိုးထုတ်လုပ် မှုစီမံကိန်းကို တိုင်းဒေသကြီး/ ပြည်နယ်ခုနစ်ခုရှိ မြို့နယ် ၂၆ မြို့နယ်၊ သမဝါယမအသင်း ၇၃ သင်းမှ နွေစပါးစိုက်ဧက၂၁၄၁၉ ဒသမ ၅၉ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် သွင်းအားစု ပစ္စည်းများပံ့ပိုးပေးခဲ့ရာ မျိုးစပါး ၁၁၆၆ တင်း၊ သဘာဝမြေဩဇာ ၂၁၆ အိတ်၊ ပုလဲဓာတ်မြေဩဇာ (50 Kg) ၂၇၈၂၉ ဒသမ ၇၅ အိတ်၊ ကွန်ပေါင်း မြေဩဇာ (50 Kg) ၉၈၈၇ ဒသမ ၉၀ အိတ်၊ ကွန်ပေါင်းမြေဩဇာ(4 Kg) ၁၃၀၂ အိတ် စုစုပေါင်း ငွေကျပ် ၄၀၁၈ ဒသမ ၄၄၅ သန်း တန်ဖိုးရှိ သွင်းအား စုများ ပံ့ပိုးပေးနိုင်ခဲ့ပြီး သီးနှံထွက်ရှိချိန်တွင် ပံ့ပိုးပေးထားသည့် သွင်းအားစုတန်ဖိုးနှင့်ညီမျှသော စပါးကို သက်ဆိုင်ရာ သမဝါယမအသင်းများအလိုက် အမှုဆောင်အဖွဲ့က စုစည်းကောက်ယူ၍ ပိုလျှံသည့် စပါးများကို တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမ အသင်းစုချုပ်များ / မြို့နယ်သမဝါယမ အသင်းစုများ ကလည်းကောင်း၊ ဒေသခံကုမ္ပဏီများ/ ဆန်စက်လုပ်ငန်းရှင်များက လည်းကောင်း အသင်းသား တောင်သူများထံမှ ကာလပေါက်ဈေးဖြင့်ဝယ်ယူပြီး သက်ဆိုင်ရာသမဝါယမအသင်းသို့ Refund အဖြစ် စပါးတစ်တင်းဝယ်ယူတိုင်း ငွေ ၂၀၀ ကျပ် ပြန်လည်ပေးသွင်းခြင်းဖြင့် အသင်းနှင့်အသင်းသားများ အကျိုးအမြတ်ရရှိရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


ထို့ပြင် မိုးစပါးစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် သွင်းအားစုများပံ့ပိုးပေးမည့် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းကို ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှလွဲ၍ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဧက ၁၀၀၀၀ စီ စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိရာ နေပြည်တော်နှင့် တိုင်းဒေသကြီးသုံးခုတို့မှ စုစုပေါင်း စိုက်ပျိုးဧက ၆၁၉၀၂ ဒသမ ၈၉ ဧကအတွက် မျိုးစပါးနှင့် သွင်းအားစုများ ပံ့ပိုးပေးရန် လိုအပ်ငွေကျပ် ၁၂၃၇၉ ဒသမ ၅၇၈ သန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ရသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ခုနစ်ခုတို့မှ စုစုပေါင်း စိုက်ပျိုးဧက ၃၆၀၇၆ ဒသမ ၅ ဧကအတွက် မျိုးစပါး နှင့် သွင်းအားစုများ ပံ့ပိုးပေးရန်လိုအပ်ငွေကျပ် ၇၂၁၅ ဒသမ ၃၀ သန်းကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက  တာဝန်ယူဆောင်ရွက်ရသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှလည်းကောင်း ခွဲဝေရရှိရေး ညှိနှိုင်း ဆောင်ရွက်ပေးထားကြောင်းနှင့် ကရင်ပြည်နယ်အနေဖြင့် ပြည်နယ်သမဝါယမ အသင်းစုချုပ်၏အစီအစဉ်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။


မြစိမ်းရောင် (သမဝါယမ) စီမံကိန်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ


သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့် မြစိမ်းရောင် (သမဝါယမ) စီမံကိန်းဆောင်ရွက်ရန် တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသုံးခုတို့မှ မြို့နယ် ၄၆ မြို့နယ်၊ ကျေးရွာ ၁၈၀ ရှိ သမဝါယမအသင်းပေါင်း ၁၈၅ သင်းမှ အသင်းသား ၁၀၆၂၇ ဦးအား အကျိုးပြုနိုင်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစု၊ ထွန်ယက်ခစရိတ်များ ထောက်ပံ့ပေးခြင်း၊ သွင်းအားစုပစ္စည်းများပံ့ပိုးပေးခြင်း၊ မွေးမြူရေးလုပ်ငန်း၊ သမဝါယမကန်ထရိုက်လယ်ယာလုပ်ငန်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) လုပ်ငန်း၊ အရောင်းဆိုင်လုပ်ငန်း၊ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ဆန်စက်အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းနှင့် ဆီစက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စုစုပေါင်း ငွေကျပ် ၉၆၅၂ သန်းကို ပံ့ပိုးဆောင်ရွက်ပေးပြီး လုပ်ငန်းများအောင်မြင်အောင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ တိုင်းဒေသကြီး/ ပြည်နယ်လေးခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခုတို့မှ မြို့နယ်ရှစ်မြို့နယ်၊ ကျေးရွာ ၇၃ ရွာရှိ သမဝါယမအသင်းပေါင်း ၇၁ သင်းမှ အသင်းသား ၂၅၇၁ ဦးအား အကျိုးပြုနိုင်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစု၊ ထွန်ယက်ခစရိတ်များ ထောက်ပံ့ပေးရန် ငွေကျပ် ၁၄၁၉ ဒသမ ၉၀ သန်း၊ မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ် ၇၈၄ ဒသမ၂၀ သန်း၊ သမဝါယမကန်ထရိုက်လယ်ယာလုပ်ငန်း အတွက် ငွေကျပ် ၁၂ ဒသမ ၅၀ သန်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product)လုပ်ငန်းအတွက် ငွေကျပ် ၃၀၅ ဒသမ ၂၀ သန်း၊ အရောင်းဆိုင်လုပ်ငန်းအတွက် ငွေကျပ် ၁၁၃ သန်း၊ ဆန်စက်အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်း အတွက် ငွေကျပ် သန်း ၁၅၀၊ ဆီစက်အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် ငွေကျပ် သန်း ၆၀ စုစုပေါင်း ငွေကျပ် ၂၈၄၄ ဒသမ ၈၀ သန်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့ များထံမှရရှိရေး ညှိနှိုင်းဆောင်ရွက်ပြီး လုပ်ငန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝန်ဆောင်မှုလုပ်ငန်း


သမဝါယမအသင်းများတွင် သမဝါယမအသင်း ပိုင်ငွေနှင့် အသင်းသားများ၏ အစု၊ စုဆောင်းငွေများဖြင့် အသေးစားအရင်းအနှီးချေးငွေလုပ်ငန်းကို ခြောက်လတစ်ကြိမ် ထုတ်ချေး၊ ပြန်ဆပ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃ ခုနှစ် မေလကုန် အထိ စာရင်းများအရ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုမှ မြို့နယ်ပေါင်း ၃၀၇ ခု၊ အသင်းပေါင်း ၂၆၅၇၅ သင်းရှိ အသင်းသား ၁၉၄၉၆၀၅ ဦးအား ငွေကျပ် ၃၄၈ ဒသမ ၄၆၈ ဘီလီယံ ထုတ်ချေးပေးထားပြီး အတိုးနှုန်းမှာ ငွေကျပ် ၁၀၀ လျှင် တစ်လ ၁ ဒသမ ၅၀ ကျပ်နှုန်း ဖြင့် ထုတ်ချေးပေးခြင်းဖြစ်၍ ပြင်ပမှအတိုးကြီးပေး ငွေချေးနေရမှုမှ လတ်တလောသက်သာစေပြီး အခြေခံပြည်သူ၊ အသင်းသား တောင်သူများအနေဖြင့် ၎င်းတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စားဝတ်နေရေးတို့တွင် တိုးမြှင့်သုံးစွဲနိုင်မည်ဖြစ်သဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုး ကျေးဇူးများ ရရှိလျက်ရှိသည်။


ပြည်ပပို့ကုန်လုပ်ငန်း


သမဝါယမအသင်းများက ပြည်ပပို့ကုန် တင်ပို့ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပို့ကုန် ပစ္စည်းများ စျေးကွက်ပိုမိုရရှိရန်နှင့် ပို့ကုန်လုပ်ငန်း ဖွံ့ဖြိုးလာစေရန်အတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကွမ်းရှီးပြည်နယ် နန်နင်းမြို့တွင် နှစ်စဉ်ကျင်းပသည့် ကုန်စည်ပြပွဲများသို့ သမဝါယမ အသင်းများမှ မြန်မာ့ရိုးရာ လက်မှုပညာပစ္စည်းများ နှင့် ကျောက်မျက်ရတနာပစ္စည်းများ သွားရောက် ပြသနိုင်ခဲ့သည်။ ၂၀၂၂ -၂၀၂၃ ခုနှစ်တွင် တိုင်းဒေသကြီး/ ပြည်နယ်သုံးခုရှိ အသင်းပေါင်းရှစ်သင်းမှ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၃၅ သန်း တန်ဖိုးရှိ ရေထွက်ပစ္စည်းနှစ်မျိုး၊ ကော်ဖီနှင့် ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားစနစ် (Contract Manufacturing Process) ဖြင့် ချုပ်လုပ်သည့် အဝတ်အထည်များကို တင်ပို့ထားပြီး တိုင်းဒေသ ကြီးသုံးခုရှိ Cash Memo အရောင်းဆိုင်များမှ နိုင်ငံတော်ဝင်ငွေ (State Income) ပေးသွင်းနိုင်ခဲ့ကြောင်း သိရသည်။


လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်ခြင်း

သမဝါယမပညာနှင့် လူမှုစီးပွားရေးပညာ ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် နှစ်ခုနှင့် သမဝါယမကောလိပ်နှစ်ခု ဖွင့်လှစ်ထားကြောင်း၊ ယခင် သမဝါယမသင်တန်းကျောင်း (တောင်ကြီး/ မကွေး/ ပုသိမ်/ မော်လမြိုင်) လေးကျောင်းနှင့် သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်း (မန္တလေး)တို့ကို သမဝါယမ စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်းများအဖြစ် အဆင့်မြှင့်တင်ပြီး ၁၆-၆-၂၀၂၂ ရက်နေ့တွင် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့ကြောင်း၊ အဆိုပါသင်တန်းကျောင်းများတွင် လက်မှတ်ရ စာရင်းရေး၊ စာရင်းကိုင်သင်တန်း၊ ကွန်ပျူတာ သင်တန်းများကို သင်တန်းကာလ နှစ်နှစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၏ ပထမနှစ်သင်တန်းကို သင်တန်းသား ၂၉၆ ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်နှစ်ခုမှ စီးပွားရေးပညာဆိုင်ရာဘွဲ့ရရှိသူ၊ သမဝါယမကောလိပ်နှစ်ခုမှ စီးပွားရေးပညာဆိုင်ရာ ဒီပလိုမာဘွဲ့ရရှိသူ စုစုပေါင်း ၈၀၇၀ မွေးထုတ်ပေး နိုင်ခဲ့ကြောင်း သိရသည်။


နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု


ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ Loan၊ Grant၊ Aid များ ရယူဆောင်ရွက်လျက်ရှိပြီး အဓိကပူးပေါင်း ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာအဖွဲ့အစည်းများမှာ China EXIM Bank၊ Korea Daedong Industrial Co.,Ltd၊ Shinhan Bank တို့နှင့် နားလည်မှုစာချွန်လွှာ(MoU)များ လက်မှတ်ရေးထိုး၍ အသေးစားအရင်းအနှီး ချေးငွေလုပ်ငန်းနှင့် လယ်ယာသုံးစက်ကိရိယာ ရောင်းချခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မဲခေါင် ဒေသဈေးကွက်စီးပွားရေးကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့နှင့် ပူးပေါင်း၍ အသိပညာ၊ အတတ်ပညာနှင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်း၊ မဲခေါင်ဒေသတွင်းနိုင်ငံများသို့ လေ့လာရေးခရီးများစေလွှတ်ခြင်း၊ သမဝါယမကဏ္ဍကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလုပ် ရုံဆွေးနွေးပွဲများပြုလုပ်ခြင်း၊ စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်းလုပ်ငန်းများကို စီမံကိန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု


ထိုကဲ့သို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမအသင်းများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ပေးနိုင်ခြင်း၊ ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ခြင်း၊ လိုအပ်သော ငွေကြေးအရင်းအနှီးရရှိစေရန် ငွေစု ငွေချေးလုပ်ငန်းနှင့် အသေးစားအရင်းအနှီးချေးငွေ လုပ်ငန်းဆောင်ရွက်သည့် သမဝါယမအသင်းသားများသို့ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ချေးပေးနိုင်ခြင်း၊ သမဝါယမလမ်းကြောင်းမှ ပြည်ပပို့ကုန်အဖြစ် ရေထွက်ပစ္စည်း၊ ကော်ဖီနှင့် အဝတ် အထည်များ တင်ပို့ရောင်းချနိုင်ခြင်း၊ သမဝါယမ အသင်းသားများလိုအပ်လျက်ရှိသော ငွေကြေး၊ စက်ပစ္စည်းနှင့် နည်းပညာများကို ပြည်တွင်း/ ပြည်ပရှိ စီးပွားရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိခြင်း၊ ပို့ကုန်ပစ္စည်းများ စျေးကွက်ပိုမိုရရှိရန်နှင့် ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြုလုပ်သည့်ပြပွဲများသို့ သမဝါယမအသင်းများက သွားရောက်ပြသနိုင်ခဲ့ခြင်း၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ သမဝါယမကောလိပ်၊ သမဝါယမ စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းတို့မှ သမဝါယမနှင့် လူမှုစီးပွားရေးပညာ ကျွမ်းကျင်ဝန်ထမ်းများ လေ့ကျင့် မွေးထုတ်ပေးလျက်ရှိခြင်း စသည့်ဆောင်ရွက်ချက် များသည် သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေသည့် ဆောင်ရွက်ချက်များဖြစ်သည်သာမက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသော ဆောင်ရွက်ချက်များပင်ဖြစ်သည်။


အချုပ်အားဖြင့်ဆိုရသော် သမဝါယမ၏ ဆောင်ရွက်ချက်များသည် ယနေ့နိုင်ငံတော်က ချမှတ်ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မီနည်းစနစ်များဖြင့် ပိုမို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွား ရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်ရေးဆိုသည့် စီးပွားရေးဦးတည်ချက်အား အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းကို သက်သေခံလျက်ရှိသည်။


၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမပတ် စနေနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဆောင်ပုဒ်ဖြစ်သည့် “အရှိန်အဟုန်ဖြင့် ရေရှည်တိုးတက်ရေး သမဝါယမများကဆောင်ရွက်ပေး (Cooperatives; partners for accelerated sustainable development)” ဆိုသည့်အချက်ကို ရှေးရှုလျက် သမဝါယမလောကသားအားလုံးက သမဝါယမလုပ်ငန်းများ အောင်မြင်စေရေးအတွက် အရှိန်အဟုန်မပျက်ဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ကြပါစို့ဟု (၁၀၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုလျက် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

No comments

Powered by Blogger.