နွေဦးကာလ မြူထသောအခါ
မောင်မောင်ဖြူ
၁၉-၆-၂၀၂၃ ရက်မှအဆက်
တစ်ချိန်က ကိုအေးဆွေအား သူ့သမီးကြည်ကြည်မြ နှင့်ပေးစား၍ တက္ကသိုလ်ကျောင်းသို့ပို့ချင်သော ပွဲစားကြီးတစ်ပိုင်း၊ ထန်းပိုင်ရှင်ကြီးတစ်ပိုင်း ဦးမြို့ ကဆိုလျှင်လည်း သူ့ထန်းသမား ဆယ်ရင်အားခေါ်ကာ ကြိမ်းဝါးနေသေးသည်။
“ဘာလဲကွ ဆယ်ရင်ရ၊ အေးဆွေဆိုတဲ့အကောင်က ပညာလေး မတောက်တခေါက်တတ်တာနဲ့ ကွန်မြူနစ်လုပ်ပြီး တို့ထန်းတောတွေကို ပြည်သူပိုင် သိမ်းဖို့ အစိုးရဆီမှာ တောင်းဆိုတယ်ဆို။ လူပါးဝလို့ကွာ။ ပြီးတော့ ထန်းလျက်လှည့်ကိုလည်း ငါးစုတစ်စုပေးဖို့ သူက မင်းတို့ထန်းသမားအစည်းအဝေးမှာ အဆိုတင် ဆုံးဖြတ်တယ်ဆိုပါကလား။ ဘာရမလဲကွာ။ အဲဒါပဲ ဆယ်ရင်၊ မင်းကောတို့ကို သူတို့ ဆုံးဖြတ်တဲ့အတိုင်းပေးမလို့လား။ အဲဒီလိုဆိုရင်တော့ စောစောကပဲ တို့ထန်းကို မတက်တာကောင်းတယ်။ ဒီထန်းက ထန်းလျက်မရလို့ ငတ်မသေနိုင်ပါဘူးကွာ။ ထန်းပျက်ချင်ပျက်ပါစေ၊ ခုတိုင်းထားမယ်၊ ဒါပဲဟေ့ ဆယ်ရင်။ သုံးစုတစ်စုသာ ပေးမယ် ဆိုရင်တက်၊ သို့မို့ရင်တော့ မတက်နဲ့။ ဒါပဲ”
ဤအကြောင်းကို ဆယ်ရင်သည် ပြန်ရောက်လျှင် ရောက်ချင်း ကိုအေးဆွေအား ပြောပြခဲ့လေသည်။
ကိုအေးဆွေတို့ ဘုံထန်းတော အဖွဲ့ကလည်း ထန်းပိုင်ရှင်များက မည်မျှပင် ကန့်ကွက်နေသော်လည်း အလျှော့မပေးချေ။ ၎င်းတို့အဖွဲ့က ဆုံးဖြတ်ထားသည့်အတိုင်း ငါးစုတစ်စုသာပေးသည်။ ဤတွင် ထန်းပိုင်ရှင်များသည် အပြက်အပြက်နှင့် နှာခေါင်းသွေးထွက်လာသည်ဟု သိလာကြသောအခါ မခံမရပ်နိုင်ဘဲ အုံကြွလာသည်။
အချို့ရွာများမှ ထန်းသမားများမှာမူ ထန်းသမား ညီလာခံကြီးက ငါးစုတစ်စုသာပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်ကို သိကြသော်လည်း ၎င်းအတိုင်း မလိုက်နာကြချေ။ ကိုအေးဆွေတို့မှာ အဖွဲ့အစည်းနှင့် ဘုံထန်းတောဖြစ်သဖြင့် ရဲရဲဝံ့ဝံ့ ပြုလုပ်ခဲ့သော်လည်း ၎င်းတို့မှာမူ တစ်ဦးချင်း တစ်ယောက်ချင်းသာဖြစ်သဖြင့် သုံးစု တစ်စုသာပေးကြရသည်။ သီးစားခထန်းစုကြောင့် အကျယ်အကျယ် မငြိမ်းဖွယ်ကိစ္စကို ရင်မဆိုင်ဝံ့ကြချေ။
ထို့ကြောင့်လည်း ငါးစုတစ်စုစနစ်ဖြင့်ပေးသော ကိုအေးဆွေတို့ ဘုံထန်းတောအဖွဲ့အား ဘုံထန်းတောပိုင် ပြုလုပ်ခြင်းခံရသည့် ထန်းပိုင်ရှင်တို့က ဆတ်ဆတ်ခါအောင် နာကြည်းအုံကြွလာသည်။ သို့ဖြင့် ၎င်းတို့သည် ကိုအေးဆွေတို့ ထန်းသမားများအား စာတစ်တန်ပေတစ်တန် ကမ်းလှမ်း၍လည်းကောင်း၊ လူကိုယ်တိုင် လာရောက်၍လည်းကောင်း ကန့်ကွက်ပြောဆိုလာသည်။ခြိမ်းခြောက်လာကြသည်။ အချို့ထန်းပိုင်ရှင်များကမူ ထန်းပင်များကို ခုတ်လှဲရောင်းချပစ်ရန် သစ်ခုတ်သမားများနှင့်အတူ ရောက်လာကြသည်။ ဤသည်ကို ကိုအေးဆွေတို့က တားဆီးကန့်ကွက်လွှတ်လိုက်ကြသည်။
ဤသို့ဖြင့် ကိုအေးဆွေတို့နှင့် ထန်းပိုင်ရှင်တို့၏ ပဋိပက္ခမှာ တဖြည်းဖြည်းနှင့် ပိုမိုပြင်းထန်လာလေသည်။ နောက်ဆုံးတွင် ထန်းပိုင်ရှင်တို့က သူတို့ထန်းများကို မတက်တော့ရန် ထန်းလှည့်ဘက်များ အဖြစ်မှ ရုပ်သိမ်းကြောင်း ကြေညာအကြောင်းကြား လာကြတော့သည်။
[ ၂၄ ]
လက်ပံပွင့်များလည်း တဖုတ်ဖုတ် ကြွေ၍ကျလေပြီ။ ဆက်ရက်တို့လည်း ကျွက်ကျွက်ညံအောင် ဆူကြပြီ။
ထန်းဖိုရည်တို့လည်း လှိုင်လှိုင်ကျခဲ့ပြီ။
“ကဲ ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ”
တိတ်ဆိတ်နေခြင်းကို ဦးထွန်းဖေက စတင်ဖြိုခွင်းလိုက်သည်။ အရေးပေါ်အစည်းအဝေးသို့ တက်ရောက်လာကြသော အားလုံးလူများ၏ မျက်နှာများက ကိုအေးဆွေအား တစ်ပြိုင်တည်းလိုလို ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာများတွင် မခံချင်ခြင်း၊ ဒေါသဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့က ဖော်ပြနေသည်။
“ဒါဟာ ကျွန်တော်တို့လုပ်ငန်းကို သက်သက် နှောင့်ယှက်တယ်လို့ ထင်တာပဲဗျ”
ဆယ်ရင်၏အသံက မာကျောစွာ ထွက်လာသည်။ မဟုတ်မခံချင်သည့်စိတ်တွင် စိတ်လိုက်မာန်ပါ ပြုလုပ်လိုသည့်အမူအရာကပါ ရောပြွမ်းနေသည်။ ဦးဖိုးခ၊ ဦးစံကျော် စသောလူကြီးများကမူ လူကြီးများပီပီ ၎င်းတို့၏ လှုပ်ရှားနေသောစိတ်များကို ချုပ်တည်းထားကြသည်။
ကိုအေးဆွေမှာလည်း အတော်ပင် မခံမရပ်နိုင်အောင် ဒေါထနေသည်။ သို့တစေ စိတ်တွင်း၌ လှုပ်ရှားနေမှုကိုမူ အမူအရာဖြင့်ပင် အပြင်သို့ ထုတ်ဖော်မပြပေ။ အေးဆေးတည်ငြိမ်သော အသွင်ဖြင့်သာ လေးလေးနက်နက် စဉ်းစားနေသည်။ အမှန် တော့လည်း ဤထန်းသမားလူစုထဲတွင် ကိုအေးဆွေမှာ အသက်အငယ်ဆုံးဖြစ်၏။ သို့ရာတွင် တာဝန်မှာ အကြီးဆုံးနေရာမှ ယူထားရသလို ဖြစ်နေ၏။ လုပ်ငန်းအဖွဲ့၏ ခေါင်းဆောင်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများပင် ရှိနေသော်လည်း အမှန်မှာ ကိုအေးဆွေကသာ ဘုံထန်းတောလုပ်ငန်းကြီးတစ်ခုလုံးကို အတွင်းရေးမှူးပင် ဖြစ်စေကာမူ သူကပင် တာဝန်ခံ ခေါင်းဆောင်နေရခြင်း ဖြစ်သည်မဟုတ်ပါလား။
ယင်းကဲ့သို့ ထန်းသမားနှင့် ထန်းပိုင်ရှင် လူတန်းစားနှစ်ရပ်တို့၏ တိုက်ပွဲကြားတွင် ကိုအေးဆွေနှင့် ခင်သန်းဌေးတို့၏ ဆက်သွယ်မှုမှာလည်း တဖြည်းဖြည်းနှင့် တင်းမာလာသည်။ တနုံ့နုံ့နှင့် တွေးမိတိုင်း ကိုအေးဆွေသည် ခင်သန်းဌေး၏ ငြိုငြင်မှုကို မခံရဲအောင် ဖြစ်နေသည်။ နောက်ဆုံး ဒေါသူပုန်ထနေသော ခင်သန်းဌေးသည်ပင် ပြီးခဲ့သောရက်ပိုင်းလောက်က ကိုအေးဆွေထံသို့ လူကိုယ်တိုင် ရောက်လာတော့၏။
“ဘယ်လိုလဲ ကိုအေးဆွေ။ အစကတော့ ကိုအေးဆွေတို့ဟာ စုပေါင်းလုပ်ငန်းသက်သက်မို့၊ အကျိုးလည်းရှိတာမို့၊ နောက်ပြီး ဒီနေ့အစိုးရဝါဒ လမ်းစဉ်နဲ့လည်း ကိုက်ညီနေတာမို့ ဌေးအနေနဲ့ အားလည်းပေးပါတယ်၊ တိုက်လည်း တိုက်တွန်း ပါတယ်ဆိုတာ ကိုအေးဆွေ အသိဆုံး။ ခုတော့ ကိုအေးဆွေတို့ဟာက ရိုးရိုးသားသားလုပ်ချင်တာမှ မဟုတ်တော့ပဲဟာ။ ဖြတ်လမ်းကနေပြီး အတင်း ကြီးပွားအောင်လုပ်နေတာပေါ့။ ဒါတော့ နည်းနည်းမှမတရားဘူးလို့ ထင်တယ်” ဟု ခင်သန်းဌေး က ခပ်ဆတ်ဆတ်ဆိုလာချေသည်။
“ဒါတော့ ဌေးဌေးရယ်၊ ဌေးဌေးတို့ကိုနာစေ၊ ကျွန်တော်တို့ကို သာစေ၊ ရစေဆိုတဲ့ သဘောနဲ့ လုပ်တာမဟုတ်ပါဘူး။ မူအရ ခေတ်ပြောင်း တော်လှန်ရေးအရ လုပ်ရတာပါ”
“အို ကိုအေးဆွေရယ်၊ ဒါကိုတော့ ပြောစရာမလိုသေးဘူးလို့ ထင်ပါတယ်။ တစ်နိုင်ငံလုံး အများနဲ့ ချီပြီးဖြစ်နေရင် ဌေးတို့ဘာမှပြောစရာမလိုပါဘူး။ ခုတော့ အစိုးရကလည်း ဒီလိုဒီလို ပေးရမယ်လို့ သတ်မှတ်ပေးထားတာလည်း မဟုတ်ဘဲနဲ့ ကိုအေးဆွေတို့က သူတစ်ပါးပစ္စည်းကို မတော်မတရား လောဘကြီးပြီး လိုချင်တာပါ။ ဌေးတို့က ဌေးတို့ ထန်းပင် တွေကိုတက်တဲ့အတွက် တက်ခလုပ်အားကို တန်ရာတန်ဖိုး ပေးထားတာပါ။ တစ်ခါ ပြီးတော့ ကိုအေးဆွေတို့ဟာ ထန်းပင်တွေကို အစိုးရက ပြည်သူပိုင်သိမ်းပြီး ထန်းသမားတွေကို ဝေပေးပါတဲ့။ ဒါကော တရားသလားဟင်။ ဘိုးဘွားလက်ထက် ကတိုင် ကိုယ့်ဟာကိုယ်စိုက်ထားတဲ့ အပင်တွေကိုး။ ကဲ ဒါတွေထားပါတော့လေ”
ဒေါဟန်ပါပါလေးဖြင့် ရန်တွေ့နေသော ခင်သန်းဌေး၏မျက်နှာကလေးသည် ချက်ချင်းဆိုသလိုပင် ချိုသာသလိုလို ဖြစ်လာသည်။
“ပြီးခဲ့တာတွေ ပြီးခဲ့ပါစေတော့ ကိုအေးဆွေ၊ ရှေ့ကိုသာ တစ်ဦးနဲ့တစ်ဦး ပြေပြေလည်လည် ဖြစ်စေချင်တယ်။ နှစ်ပေါင်းများစွာ မိဘဘိုးဘွား များလက်ထက်ကတိုင် ဆက်ဆံလာခဲ့တဲ့သူအချင်းချင်းတွေ အမုန်းမပွားရအောင်ပေါ့။ တကယ်လို့ တစ်ဦးနဲ့တစ်ဦး တင်းခံနေကြမယ်ဆိုရင် အားလုံးအရုပ်ဆိုးစရာတွေ ဖြစ်လာပါလိမ့်မယ်”
ကိုအေးဆွေမှာ ခင်သန်းဌေး၏ ခြောက်လှန့်ဟန် ပါသောလေသံကြောင့် စိတ်ထဲတွင် နင့်ခနဲဖြစ်သွား သည်။ သို့သော် စိတ်ကို ထိန်းထားသည်။
“ဘယ်လိုလဲ ဌေးဌေး၊ စိတ်လည်း မရှိနဲ့နော်။ ခု ဌေးဌေးလာတာက ထန်းပိုင်ရှင်တွေက စေ့စပ်ရေးအတွက် လွှတ်လိုက်တဲ့ ကိုယ်စားလှယ်လား”
“အို မဟုတ်ဘူးကိုအေးဆွေ၊ ဌေးအနေနဲ့က မနေသာလို့ပါ။ တစ်ဖက်က မိဘနဲ့ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေ။ ဒီဘက်ကြည့်တော့လည်း ဌေးရဲ့သူငယ်ချင်း ကိုအေးဆွေတို့ ဖြစ်နေတော့ ကိုအေးဆွေအနေနဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ဌေးက မနေသာလို့ ကိုယ့်သဘောနဲ့ကိုယ် လာခဲ့တာပါ။ ကဲပါလေ၊ ကိုအေးဆွေတို့အချင်းချင်း တိုင်ပင်ကြပြီး အကြောင်းပြန်ပေါ့။ ဌေး ဖေဖေတို့ကို စကားစထားပါ့မယ်”
ဦးစံကျော်၏ ချောင်းဟန့်သံ ပေါ်လာသည်။
“ကိုင်း မောင်အေးဆွေ၊ ဒီပြဿနာကိုတော့ ဒီအစည်းအဝေးပွဲမှာပဲ တစ်ခါတည်းပြီးပြတ်သွားအောင် ဆုံးဖြတ်ချက်ချရမှာပဲ။ နို့မဟုတ်ရင် အားလုံး စိတ်ဓာတ်ကျကုန်လိမ့်မယ်”
ဒီတော့မှ ခင်သန်းဌေး လာပြောသွားသည်များကို နက်နက်နဲနဲ စဉ်းစားနေမိသော ကိုအေးဆွေမှာ ဦးစံကျော်၏ ပြောလိုက်သံကြောင့် သတိပြန်ဝင်လာသည်။
အစည်းအဝေးပြုလုပ်နေသော တဲခန်းမကြီး၏ အပြင်ဘက်တွင်မူ လေရူးက တဟူးဟူးတိုက်ခတ်နေသည်။ ထန်းပင်ထက်ရှိ ထန်းရွက်ဖျားကလေးများသည် တောင်လေရူးကြောင့် တဖျပ်ဖျပ် မြည်နေသည်။ အရေးပေါ်အစည်းအဝေး တက်လာကြသော ထန်းသမားများက ကိုအေးဆွေပြောမည့်စကားကို အာရုံစိုက်နေကြသည်။
ယခုမှ ကိုအေးဆွေမှာ ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ် လှည်းတုတ်ဆိုသလို ဖြစ်နေသည်။ တစ်ဖက်မှာ မိမိချစ်မြတ်နိုးသော ခင်သန်းဌေး၏ မိဘနှင့် အသိုင်းအဝိုင်း ထန်းပိုင်ရှင်များ။ ဤမှာဘက်တွင်မူ မိမိနှင့်ဘဝတူ ဆင်းရဲသား ထန်းသမားများ။ ယခုတော့ မည်သို့ပင်ဖြစ်စေ၊ မိမိမှာ ခေါင်းဆောင်တစ်ယောက်လို ဖြစ်နေသည်မို့ အဖြူအမည်း ကွဲပြားအောင် ခွဲပေးရပေတော့မည်။ ခင်သန်းဌေး အားငဲ့၍ နောက်ဆုတ်ပေးရမည်လား၊ မိမိဘဝတူများအား အားပေးကာ ရှေ့တိုးရမည်လား။ သည်အချိန်မှ မပြတ်သားလျှင် မိမိအဖို့ ခေါင်းဆောင် နေရာနှင့်မတန်တော့။
“ဟုတ်ပါတယ်၊ ကျွန်တော်တို့ဟာ ဒီပြဿနာကို ဒီအစည်းအဝေးမှာပဲ အပြီးအပြတ် ဆုံးဖြတ်ရမှာပဲ။ ပြီးတော့ ....”
ကိုအေးဆွေသည် ဦးစံကျော်အား ပြောလိုက်ရင်းက အခြားထန်းသမားအားလုံးကိုလည်း လှည့်ပတ်ကြည့်လိုက်၏။
ဆက်လက်ဖော်ပြပါမည်။
No comments