တစ်ပိဿာ ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ထိ ရောင်းချရသဖြင့် ရာသီစာမှိုရောင်းချသူများ အဆင်ပြေ
ရှမ်းရွာသစ် ဇွန် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဒေသနေပြည်သူအများစုသည် မိုးဦးကျကာလတွင် တောတောင်များနှင့် မိမိတို့၏နေအိမ်ခြံဝင်းများ၌ သဘာဝအလျောက်ထွက်ရှိသော ရာသီစာမှိုများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ဒေသနေပြည်သူအများစုသည် မိုးဦးကျကာလတွင် တောတောင်များအတွင်းရှိ မြေလွတ်မြေရိုင်းများ၊ ဥယျာဉ်ခြံမြေများနှင့် နေအိမ်ခြံဝင်းများတွင် သဘာဝအလျောက်ထွက်ရှိသော စားမှိုများကို အုပ်စုလိုက် လိုက်လံရှာဖွေကြပြီး ရရှိသည့်မှိုများအား မိသားစုစားရန် အနည်းငယ်ချန်ထား၍ ရပ်ကွက်များနှင့် ကျေးရွာများသို့ လိုက်လံရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း၊ မှိုအဖူး၊ အငုံ၊ အပွင့်အမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ထိ ဈေးနှုန်းသတ်မှတ်ပြီး ရောင်းချရကြောင်း၊ တစ်နှစ်လျှင် ရာသီစာမှို သုံးကြိမ်ခန့်ထွက်ရှိသဖြင့် မှိုထွက်ချိန်ရောက်လျှင် ဒေသနေပြည်သူများ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်ပြီး နှစ်ခြိုက်စွာစားသုံးသဖြင့် အပိုဝင်ငွေ ရရှိချိန်လည်းဖြစ်ကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်သည့်အပြင် ရာသီစာဟင်းသီးဟင်းရွက်များ ရောင်းချသည့်လုပ်ငန်းကို မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်ဖက်တစ်လမ်းမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)
No comments