၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ ခြောက်ဘာသာဂုဏ်ထူးရှင် မောင်အောင်ဇော်နှင့် တွေ့ဆုံမေးမြန်းခြင်း




တွေ့ဆုံမေးမြန်းသူ- ဒေါ်အေးအေးသီ၊ မောင်မိုးစည်သူကျော်


၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြင်ပဖြေ ခြောက်ဘာသာဂုဏ်ထူးရှင် မောင်အောင်ဇော်နှင့် ဇွန် ၁၂ ရက်က တွေ့ဆုံမေးမြန်းခဲ့သည်။


မေး- သားအနေနဲ့  မူလတန်းမှ  တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်အထိ ပညာကိုဘယ်လို လေ့လာဆည်းပူးခဲ့ပါသလဲ။


ဖြေ- ကျွန်တော်က သူငယ်တန်းကနေ ဆဋ္ဌမတန်းအထိကို ဝဲကလောင်းကျေးရွာ(မူလွန်)ကျောင်းမှာ   ပညာသင်ယူခဲ့ပါတယ်။ သတ္တမတန်းမှ ဒသမတန်းအထိက အ.ထ.က(၂) သံဖြူဇရပ်မှာ ပြောင်းရွှေ့သင်ယူခဲ့ပြီး ဒသမတန်းမှာ ပညာသင်ယူနေစဉ် ကိုဗစ်-၁၉ ရောဂါ တစ်နိုင်ငံလုံးဖြစ်ပွားတဲ့အချိန် ကျောင်းပိတ်ထားတဲ့အတွက် ကျောင်းနားထားရပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှာ သံဖြူဇရပ်မြို့ အ.ထ.က(၂) အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းညိုရဲ့ အကူအညီရယူပြီး ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။


မေး- သားအနေနဲ့ ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ပြီး ဝိပ္ပံဘာသာတွဲမှာ တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိအောင် ဘယ်လိုကြိုးစား သင်ယူခဲ့ပါသလဲ။


ဖြေ- ပညာသင်နှစ် စကတည်းက တစ်နေ့စာတစ်နေ့ ကျေအောင် ဘာသာစုံနေ့စဉ် ကျက်မှတ်ပြီး ကိုယ့်ရည်မှန်းချက်ကို အကောင်ထည်ဖော်နိုင်အောင် အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းညိုရဲ့   လမ်းညွှန်မှုနဲ့ နေ့စဉ်မပျက် လေ့လာသင်ယူပြီး အိပ်ချိန်၊ စားချိန်၊ စာကျက်ချိန်၊ နားချိန် သတ်မှတ်ပြီး ကြိုးစားခဲ့တဲ့အတွက် အခက်ခဲမရှိ ကြိုးစားနိုင်ခဲ့ပါတယ်။


မေး- သားအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပြီးဖြစ်တဲ့အတွက် အနာဂတ်ဘဝရည်မှန်းချက်ကို ဘယ်လို အကောင်အထည်ဖော်မလဲ။


ဖြေ- ကျွန်တော်ရဲ့ရည်မှန်းချက်ကတော့ မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြီး ကိုယ့်နိုင်ငံ ကိုယ်လူမျိုး အားကိုးဂုဏ်ယူရတဲ့ အင်ဂျင်နီယာ နိုင်ငံ့သားကောင်းတစ်ဦး ဖြစ်ချင်ပါတယ်။ မိမိသင်ကြားတတ်မြောက်ထားတဲ့ ပညာနဲ့ ကိုယ့်နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ ပညာရှင်တစ်ဦး ဖြစ်ချင်ပါတယ်။


မေး- သားအနေနဲ့ ယခုပညာသင်နှစ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများကို ဘယ်လိုအကြံပြု တိုက်တွန်းချင်ပါသလဲ။


ဖြေ- ကျွန်တော်တို့ရဲ့ ဘဝအချိုးအကွေ့တစ်ခုလို့ ပြောလို့ရတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုမည့် ညီအစ်ကို မောင်နှမများအနေနဲ့ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ရောက်အောင် အစွမ်းကုန်ကြိုးစားကြပါ။ ကျွန်တော်ကတော့ မထင်ရှားတဲ့ ကျေးရွာတစ်ရွာက ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဘယ်လိုအခက်ခဲ အတားအဆီးပဲကြုံကြုံ အားမလျှော့ဘဲ ဇွဲ၊ လုံ့လ၊ ဝိရီယ ဆိုတဲ့ သူရဲကောင်း သုံးဦးနှင့်အတူ ကိုယ့်ပန်းတိုင်ကိုရောက်အောင် ကြိုးစားကြပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်။

No comments

Powered by Blogger.