ပန်းတိုင်းပွင့်၍ ပွင့်သောပန်းတိုင်း မွှေးပါစေ ….
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ် (ငြိမ်း)
ပညာရေးညီလာခံ(၂၀၂၃)
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ ပညာရေးဝန်ကြီးဌာနနဲ့ ဆက်စပ်ဝန်ကြီးဌာန ၁၁ ခု ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) (နိုင်ငံတော်အဆင့် ပညာရေးညီလာခံ) ကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
ညီလာခံဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်ပါအတိုင်း အထောက်အထားမှတ်တမ်းတွေနဲ့ အမှာစကားမြွက်ကြားခဲ့ပါတယ်။
“ယနေ့အချိန်အခါမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍ မြှင့်တင်ရေးကိစ္စကို အလေးထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံတော် တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ပါကြောင်း၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင် မည်ဖြစ်ပါကြောင်း၊ ပညာမတတ်သည့် နိုင်ငံ သားများပြီး ပညာရေးနိမ့်ကျသည့် နိုင်ငံသည် အမှန်တကယ်မတိုးတက်နိုင်ဟု လက်ခံထားကြပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကို အဓိကတည်ဆောက်ကြ ရပါကြောင်း၊
“ပညာရေးဝန်ကြီးဌာန၏ ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မှတ်တမ်းများနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက်(၁၅) နှစ်အထက် လူဦးရေ၊ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်းအနက် တစ်ဝက်ခန့်သာ အလယ်တန်းအဆင့်ပညာ တတ်မြောက်မှုသာရှိကြောင်း၊ နိုင်ငံလူဦးရေ ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ပြီး ၎င်းတို့အနက် အသက် (၁၅) နှစ်အထက် ၄၅ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေး အသက်မွေးဝမ်းကျောင်း၊ ၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကုန်ထုတ်လုပ်ငန်းတွင် ပါဝင်ကြောင်း၊ ၎င်းတို့သည် စက်မှုစိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံကောင်းများရှိရန် မဖြစ်မနေလိုပါကြောင်း၊ စက်မှု၊ စိုက်ပျိုးမွေးမြူ ရေးနှင့်သက်မွေးပညာသင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့်ပေးကြရမည် ဖြစ်ပါကြောင်း၊”
ပညာရေးကိုအဟန့်အတားဖြစ်နေသည့် အခက်အခဲများ၊ ပြဿနာများ၊ စိန်ခေါ်မှုများ
“အသက် (၃) နှစ်မှ (၅၀) အတွင်း လူဦးရေ၏ ကျောင်းဆက်မတက်ရခြင်း အဓိကအကြောင်းရင်းမှာ မကျန်းမာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ ကျောင်းထားရန် ငွေမတတ်နိုင်သည်မှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ်ကူရသည် မှာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကူရသည်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ စာမေးပွဲကျခြင်း၊ စာမလိုက်နိုင်ခြင်းနှင့် စိတ်ဝင်စားစရာမကောင်းသည်မှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကျောင်းဝေးလွန်းသည်က ၄ ဒသမ ၅ ရာခိုင်နှုန်းပါဝင်နေသည်ကို တွေ့ရပါကြောင်း၊ အဆိုပါအချက်များအရ ဆင်းရဲ မွဲတေမှုကြောင့်ဖြစ်သည်မှာ အများစုဖြစ်နေပါကြောင်း၊ ကျောင်းတက်သူဦးရေ တိုးတက် ရေး၊ အတန်းကူးပြောင်းမှုနှုန်းမြင့်မားရေးကို အဟန့်အတားဖြစ်စေသည့် အကြောင်းရင်း များကို ယခုကျင်းပသည့် ပညာရေးညီလာခံကြီးတွင် အဖြေရှာပြီး ဖြေရှင်းပေးကြရမည် ဖြစ်ပါကြောင်း”
မြန်မာနိုင်ငံရဲ့ အနာဂတ်ပညာရေး ပိုမိုတိုးတက် ကောင်းမွန်စေရေး ရည်ရွယ်ချက်နဲ့ကျင်းပတဲ့ ပညာရေးညီလာခံကြီးဖြစ်ပါတယ်။ ကျောင်းသား၊ ဆရာ၊ မိဘကို အသိပေးတိုက်တွန်းကြရပါမယ်၊ တညီတညွတ် တစ်သားတည်းဖြစ်ရေး ဆွေးနွေးညှိနှိုင်းကြခြင်း ဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန အနုပညာရှင်များက “ပြည်သာရန် ပညာ ရေးညီလာခံ” အလင်္ကာတေးသီချင်းဖြင့် သီဆို ဖျော်ဖြေတင်ဆက်ပါတယ်။
လူ့စွမ်းအား အရင်းအမြစ်ဆိုသည်…
လူ့စွမ်းအားအရင်းအမြစ်ဆိုသည်မှာ မိဘနှစ်ပါးနဲ့ ဆက်သွယ်ပြောဆိုသိနားလည်နိုင်တဲ့ ကလေးဘဝက စတင်အကျုံးဝင်ပါတယ်။ အရွယ်အားဖြင့် (၅)နှစ်၊ (၅) နှစ်မတိုင်မီ ကလေးတို့ဟာ ပုံပြင်တွေ၊ သာယာနာပျော်ဖွယ် တေးသီချင်းတွေကို ကြိုက်နှစ်သက်တတ်ကြပါတယ်။ ပန်းချီကားချပ်ပါတဲ့ ပုံပြင်စာအုပ်လေးတွေကို ဖတ်ပြရင်းနဲ့ ကလေးဟာ ကျောင်းတက်ချင်လာပါတော့တယ်။ တောအရပ်ဒေသမှာတော့ ဘုန်းကြီးကျောင်းမှာ ဘုရားရှိခိုးတဲ့ကိစ္စနဲ့စကာ မူလတန်းကျောင်းကို တက်၊ စာဖတ်တတ်ဖို့၊ အပေါင်း၊ အနုတ် ဂဏန်း သင်္ချာနဲ့ထိတွေ့ရပါတော့တယ်။
အဲဒီအဆင့်မှာ ကလေးတွေဟာ ကျောင်းပညာကို လန့်မသွားဖို့ ၊ “ကကြီးခခွေး၊ တစ်နှစ်သုံးလေး” ဆိုတဲ့စာ လန့်မသွားဖို့ ဆရာဆိုတဲ့ ဥယျာဉ်မှူးတွေရဲ့ ကဏ္ဍဟာ လွန်စွာမှ အရေးကြီးလာပါတော့တယ်။ မူလတန်းပြဆရာတို့ရဲ့ “မှန်၊ ကောင်း၊ သင့်” ဆိုတဲ့ အနီခြစ်လေးတွေကို မှတ်မိနေပါတယ်။ အမှန်ခြစ်လေးတွေကို သဘောကျပါတယ်။ အနီရောင် ကြက်ခြေခတ်တွေကို မြင်ရပါများတော့ ကျောင်း သွားရမှာကိုကြောက်၊ ကြောက်စိတ်စွဲသွားတတ်ပါတယ်။
ပန်းတိုင်းပွင့်ပါစေ
(၅) နှစ်အရွယ် လူမမည်ကလေးဆိုတဲ့ မျိုးစေ့ဟာ ရေမြေခံကောင်းတဲ့ ကျောင်းဆိုတဲ့ မြေဆီလွှာမှာ ဥယျာဉ်မှူးကြောင့် အညှောက်လေးတွေထွက်၊ အရွက်ငယ်လေးတွေပါတဲ့ အပင်ငယ်လေးတွေဟာ ပေါက်လာပါတော့တယ်။ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလနဲ့ ဇွန်လအတွင်း သတ်မှတ်ပြီး ဘာကြောင့် သိုက်သိုက်ဝန်းဝန်း ဆောင်ရွက်ရသလဲ ဆိုရင် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေစေချင်လို့ပါပဲ။ တစ်နိုင်ငံလုံး စာရေးတတ်၊ ဖတ်တတ်၊ ဂဏန်းသင်္ချာတွက်တတ်ဖို့ ဖြစ်ပါတယ်။ အားလုံးအတွက်ပညာရေး (Education for ALL) တစ်ဦးတစ်ယောက်မျှမကျန်၊ ကောက်သင်းကောက်ပြီး မူကြို၊ မူလ၊ မူလယ်၊ အခြေခံအထက်တန်း ပညာတတ်မြောက်အောင် သင်ကြားရေးဖြစ်ပါတယ်။ နိုင်ငံသားတစ်ယောက်ဟာ ပညာကို မွေးကင်းစအရွယ်ကတည်းကစပြီး လက်ဦးဆရာ ပုဗ္ဗာစရိယ မိနဲ့ဖထံမှ ရယူကြရပြီး KG၊ Kg+9၊ Kg+10၊ Kg+11၊ Kg+12 အထိ သင်ယူနိုင်ပြီဆိုရင် အလွန်လက်ခမောင်းခတ်နိုင်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ရေးနဲ့ အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်ရေးကို မူဝါဒချမှတ်အကောင်အထည်ဖော်ရာမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ တက်ညီလက်ညီ ဆောင်ရွက်ခြင်းဖြင့် ပညာရေးအခြေခံအုတ်မြစ်ဟာ ပြည်သူလူထုအတွင်း တောင့်တင်းခိုင်မာ ပန်းတိုင်းပွင့်လာမှာ ဖြစ်ပါတယ်။ ကျောင်းနေအရွယ်ကလေးတွေ ရာနှုန်း ပြည့်နီးပါးကျောင်းနေပြီး စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်တဲ့ ပညာဟာ ဘက်စုံဖွံ့ဖြိုး ဗလငါးတန်ထိ ရှေးရှုနိုင်တာမို့ တန်ဖိုးကြီးလှပါတယ်။ တိုင်းပြည် ရဲ့အနာဂတ်ဟာ လင်းလာပါလိမ့်မယ်။ ဘာကြောင့် လဲ။ ပညာရေးမှာ အခြေခံအကျဆုံးဖြစ်တဲ့ ကျောင်း နေရမယ့်ကလေးတွေ ကျောင်းနေကြလို့ပဲဖြစ်ပါတယ်။ ပညာရေး၊ လူမှုရေးအုတ်မြစ်ဟာ အတော်ကို ခိုင်မာလာမှာမို့ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အစိုးရနဲ့ပုဂ္ဂလိကတွေက အားသွန်ခွန်စိုက် ဆောင်ရွက်ကြရပါလိမ့်မယ်။
မြန်မာမိဘတွေဟာ အလွန်အံ့ဩစရာကောင်းတဲ့ စိတ်ရင်းစိတ်ဓာတ်ရှိကြပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက မိဘတွေဟာ မိုးမကျမီ လုပ်ငန်းသုံးပစ္စည်း၊ လယ်ယာလုပ်သားတွေ၊ စားသောက်ကုန်ကြမ်းပစ္စည်းတွေ ဝယ်ကြရတဲ့အခါ ကျောင်းနေ ချင်တဲ့ကလေးအတွက် စာအုပ်နဲ့ခဲတံရရေးဟာ အဓိကဖြစ်နေတော့ မိဘဟာ ချမ်းသာ၊ ဆင်းရဲမဟူ ဦးစားပေးဝယ်ရပါတယ်။ ပညာတတ်ဖို့ ကိစ္စ၊ ကျောင်းထားဖို့ဆိုရင် ခေါင်းရွက်ဗျပ်ထိုးဈေးသည် ကအစ ပညာရေးရင်းနှီးမြှုပ်နှံမှုလုပ်ရာမှာ အားစိုက် ကြတာကို တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မြို့ရော တောပါမကျန် ဘဝကိုပင်ပန်းကြီးစွာ ရုန်းကန်ကြရတဲ့ မိဘတွေရဲ့ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်သမျှ လျှော့ချတဲ့အနေနဲ့ ကျောင်းသင်ခန်းစာသုံး ပစ္စည်းတွေ အခမဲ့ ပညာရေးအစီအစဉ်အရ မျှဝေပေးတာတွေဟာလည်း အံ့မခန်းစရာပါပဲ။ ဒီလုပ်ငန်းကြီးဟာ ရေတို၊ ရေရှည်ကိစ္စ ဖြစ်နေကောင်းဖြစ်ပေမယ့်လည်း ရလဒ်ကောင်း၊ လူ့အသိုက်အဝန်းကောင်းကို မကြာမတင် မြင်တွေ့ပါလိမ့်မယ်လို့ ပြောချင်ပါတယ်။
ကျွန်တော်တို့ခေတ် ၁၉၆၀ ပြည့်နှစ် ပတ်ဝန်းကျင်က တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်း ဟာ (၃-၅) ရာခိုင်နှုန်းပဲရှိတာကို ဂုဏ်ယူမိခဲ့ပါတယ်။ ခဲရာခဲဆစ်နဲ့ အောင်တယ်ဆိုပြီး၊ တက္ကသိုလ်ပညာကို လက်လှမ်းမီသွားပြီဆိုတဲ့အဓိပ္ပာယ်နဲ့ တစ်မြို့နယ် လုံးက ဝမ်းမြောက်ခဲ့ကြပါတယ်။ တကယ်တော့ တက္ကသိုလ်ပညာကို လက်လှမ်းမီတဲ့ ဒီရာနှုန်းဟာ အလွန်ပင်နည်းပါတယ်။ ကျန် ၉၅ ရာခိုင်နှုန်းဟာ မည်သို့သော အခက်အခဲအဟန့်အတားတွေ ရှိသလဲဆိုပြီး စဉ်းစားခဲ့ရမှာဖြစ်ပါတယ်။ ၁၉၈၅-၁၉၉၉ ခုနှစ်တွေတိုင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်ချက်ဟာ ၃၀ ရာခိုင်နှုန်းအထိတက်လာတော့ အားရခဲ့ပါတယ်။ ကိုယ့်ဒေသ ကိုယ့်တိုင်းနဲ့ပြည်နယ်တွေမှာလည်း ကောလိပ်တွေ၊ ဒီဂရီကောလိပ်တွေ တစ်စ ထက်တစ်စ တည်ထောင်လာနိုင်တော့ တက္ကသိုလ်ပညာကို လက်လှမ်းမီလာလို့ လူထုရဲ့ပညာရေးဟာ မြင့်လာခဲ့ပါတယ်။ သို့သော်လည်း (၅) နှစ်အထက် လူဦးရေရဲ့ ၄၆ ဒသမ ၄၆ သန်းမှာ သက်မွေးပညာ ပြီးသူ ၂ ဒသမ ၉ သိန်း၊ ဘွဲ့ရသူ သုံးသန်းပဲရှိခဲ့ပါ တယ်။ အလွန်နည်းပါတယ်။
လူ့စွမ်းအားအရင်းအမြစ် ပညာတတ်များပေါကြွယ်ဝရေး
ဘွဲ့ရတဲ့အဆင့်ကကျော်လွန်လို့ အတွေ့အကြုံတွေ ရင့်ကျက်တဲ့အဆင့် ပညာရှင်ဖြစ်လာပြီဆိုရင် တောင်ရိုးတောင်တန်း၊ ကမူတွေကို ညှိပေးတတ်တယ်။
အဟန့်အတား၊ အပိတ်အပင်၊ အတားအဆီးတွေကို ကျော်လွှားတတ်တဲ့ အရည်အချင်းတွေနဲ့ ပြည့်လာတယ်။ နက်နက်နဲနဲတွေးခေါ် မြော်မြင်လာတယ်။ ပိုမိုသာယာဖြောင့်ဖြူးတဲ့ လမ်းကြောင်းတွေနဲ့ ခရီးဆုံးပန်းတိုင်ရောက်အောင် သွားနိုင်ကြတယ်။ စဉ်းစားလာနိုင်တယ်။ (Adaptability) အလိုက်သင့် ဆောင်ရွက်တတ်တဲ့ ပင်ကိုအရည်အသွေးကို ဘက်စုံပညာရေးက မြှင့်တင်ပေးပါတယ်။ “ပညာ ရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်အံ့” ဆိုတဲ့ ပညာရေးဆောင်ပုဒ်က ဘာကိုပြဆိုသလဲဆိုရင် ပညာရေးဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရင်းခံလည်းဖြစ်တယ်။ နိုင်ငံနဲ့လူမျိုး ရှင်သန်မှုရဲ့ အရင်းခံလည်း ဖြစ်တယ်။ နိုင်ငံတစ်ခုလုံးရဲ့ ပန်းတိုင်လို့ဆိုရလောက်အောင် ပညာရေးဟာ အနာဂတ်အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍဖြစ်နေပါတယ်။
နိုင်ငံတော်ရဲ့ လိုအပ်ချက်နဲ့ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေ ကျယ်ပြောတဲ့ နယ်ပယ်အသီးသီးမှာ အလယ်အလတ် စီမံခန့်ခွဲသူ (မန်နေဂျာ)အဆင့်မှ အုပ်ချုပ်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နည်းပညာ၊ အတတ်ပညာ၊ စီးပွားရေး ပညာ၊ စက်မှုပညာကျွမ်းကျင်သူ၊ စိုက်ပျိုးရေးပညာ ကျွမ်းကျင်သူတွေ၊ မွေးမြူရေးကျွမ်းကျင်သူ ပညာတတ်ဘွဲ့ရတွေ၊ သက်မွေးပညာ ပညာတတ်တွေရဲ့ အခန်းကဏ္ဍဟာ အရေအတွက်သာမက အရည်အချင်းပြည့်ဝဖို့လည်း လိုအပ်နေပါတယ်။
ဈေးကွက်လိုအပ်ချက် တောင်းဆိုမှုများပြားတဲ့ သိပ္ပံနဲ့နည်းပညာ ကျွမ်းကျင်သူတွေ၊ စီးပွားရေး ဘွဲ့ရပညာရှင်တွေ၊ ဥပဒေပညာရှင်တွေကိုလည်း မွေးထုတ်ကြရပေလိမ့်မယ်။ ဘွဲ့လက်မှတ်ရယူရုံမက လုပ်ငန်းခွင်က တောင်းဆိုတဲ့ ပညာအရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေကို ပြည့်စုံနိုင်သမျှ ပေးလိုက်ရမယ်။ တက္ကသိုလ်တက်တဲ့ ကျောင်းသား တွေသာမက လုပ်ငန်းခွင်မှ တစ်သက်တာသင်ယူကြသူ (lifelong learners) တွေကလည်း မိမိရရ ရယူသွားကြရလိမ့်မယ်။ လေ့ကျင့်မှုတွေ၊ ထပ်မံ လေ့ကျင့်မှုတွေ (Training and Retraining) ပြုလုပ်ခြင်းဖြင့် မိမိဘဝကျောင်းရာမှာ အထောက်အကူ ဖြစ်မယ့်အပြင် နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝဟာလည်း ခိုင်မာသထက် ခိုင်မာလာလိမ့်မယ်လို့ ပြောချင်ပါတယ်။ သင်ယူသူတွေဟာ မိမိကိုယ်တိုင်နဲ့ မိမိ ပတ်ဝန်းကျင် လူမှုစီးပွားဘဝ၊ လူ့အသိုက်အဝန်းကို အထောက်အကူပြုစေနိုင်ရေးအထိ ညှိနှိုင်းတိုင်ပင် ကာ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်တဲ့အထိ သုံးရက်တာကျင်းပတဲ့ ပညာရေးညီလာခံကြီးဖြစ်ပါတယ်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခေတ်မီရေး
“လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုစေမည့်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သက်မွေးပညာရပ်များ မွေးထုတ်ပေး မည်ဆိုပါက သွင်းကုန်အစားထိုးကုန်ပစ္စည်းများ၊ Value-added တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချခြင်းနှင့် မိမိတို့ မိသားစုစားဝတ်နေရေး ဖူလုံရုံမက နိုင်ငံတော်၏ စာရေရိက္ခာဖူလုံရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံခြားသုံးငွေကို လျှော့ချနိုင်မည်လည်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ခေတ်လည်းမီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိရာတွင် အသိပညာ၊ အတတ်ပညာ ပင်ကိုအရည်အသွေး စွမ်းရည်များနှင့် ပြည့်စုံသည့် ဘက်စုံပညာရေးကဏ္ဍကို လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ပေးနိုင်၊ မြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စီးပွားရေးတိုးတက်မှုများသည် ပညာတတ် ပေါကြွယ်ဝမှုနှင့် တိုက်ရိုက်အချိုးကျ နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များ ပေါကြွယ်ဝရေးကို ဦးတည်ကြိုးပမ်းကြရ မည်ဖြစ်ပါကြောင်း”နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကျယ်တဝင့် ဆက်လက်မြွက်ကြားခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
No comments