ပြည်သူဗဟိုပြု ပြုပြင်ပြောင်းလဲမှုများဖြင့် ဦးတည်ပါသည် အွန်လိုင်းထီ
မိုးကေနိုင်
ကံစမ်းပြီး ထီထိုးလိုသူ၊ ကုသိုလ်ကံကောင်းပြီး ချမ်းသာချင်သူများအတွက် မြန်မာ့အောင်ဘာလေထီသမိုင်းကို ပြုပြင်ပြောင်းလဲမှုတစ်ခုဖြင့် မျက်နှာစာသစ်တစ်ခုကို လွန်ခဲ့သော ရက်များအတွင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။ အောင်ဘာလေ အွန်လိုင်းသိန်းဆုထီစနစ် စတင်နိုင်ခြင်းသည်ပင် မြန်မာ့ဒစ်ဂျစ်တယ်ခေတ်တစ်ခေတ် အစပျိုးမှုများထဲမှ တစ်ခုဖြစ်ခဲ့ပါပြီ။
အောင်အတိတ် အောင်နိမိတ်ယူသည့် အောင်ဘာလေ
မှန်ပါသည်။ အောင်ဘာလေသည် အောင်အတိတ် အောင်နိမိတ်ကိုယူပြီး တရားဝင်ထီစနစ်တစ်ခုကို ဆောင်ယူသည်မှာ ကြာခဲ့ပါပြီ။ မြန်မာလူမျိုးတို့အတွက် ဒါန အစရှိသည့် ကုသိုလ်အမှုသည် ငွေကြေးရှိမှ အောင်မြင်သည်၊ ချမ်းသာမှသာ ကောင်းကောင်းလှူနိုင်တန်းနိုင်မည်ဟူသော အယူရှိသည်။
အောင်ဘာလေဆိုသော အသုံးအနှုန်းကို ခက်ခက်ခဲခဲပြုလုပ်ပြီးမှ ရယူအပ်သည့် ကုသိုလ် အကျိုးနှင့်ယှဉ်ပြီး သုံးနှုန်းကြသည်ဆိုသည်ကိုလည်း မနေ့တစ်နေ့ကမှ သိလိုက်ရသူအတွက် အောင်ဘာလေထီ၏ အောင်အတိတ်အောင်နိမိတ်ကို များစွာတန်ဖိုးထားမိပြန်သည်။ မြန်မာတို့အားပေးခဲ့သည့်၊ မြန်မာတို့ တန်ဖိုးထားကံစမ်းခဲ့ကြသည့် ဤအောင်ဘာလေထီသည် လက်ရှိကျင့်သုံး ကျင့်သားရနေသည့် ပုံနှိပ်လက်မှတ်ဖြင့် Paper Lottery ဘဝမှ Digital Online Lottery Platform လမ်းကြောင်းပေါ်သို့ မနှေးအမြန် ရောက်ရှိလာခဲ့ပါပြီ။ ယခုကဲ့သို့ အွန်လိုင်းထီစနစ်တစ်ခုသည် ယနေ့ကာလကျမှ နေ့ချင်းညချင်း စီစဉ်ဆောင်ရွက်ပြီး ဖြစ်တည်လာသော လုပ်ငန်းတစ်ခုကားမဟုတ်၊ ယခင်အစိုးရများလက်ထက်ကပင် အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြဖူးသည်၊ လွှတ်တော်တွင်ပင် ဆွေးနွေးခဲ့ကြဖူးသည်။ ယခုနှစ်များကာလ ၂၀၂၁ ခုနှစ်ကျမှပင် ဤလုပ်ငန်းစဉ်ကြီးကို စတင် အစပျိုးစနစ်တကျစီမံချက်ချ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ် ယခုရက်များတွင်မူ ပြီးပြည့်စုံခြင်း အနေအထားတစ်ခုအဖြစ် မြန်မာပြည်သူတို့အကျိုးငှာ အဆင်သင့်ဖြစ်လျက်ရှိနေပါပြီ။
လိုက်ပါစီးမျောရမည့် ဒစ်ဂျစ်တယ်ရေစီးကြောင်း
ပြုပြင်ပြောင်းလဲမှုတိုင်းတွင် ဦးဆောင်သူဘက်ကရော လိုက်ပါဆောင်ရွက်သူများတွင်ပါ အခက်အခဲ စိန်ခေါ်မှုများ ကြုံရစမြဲပါ။ မဝံ့မရဲ၊ သို့လောသို့လော ဖြစ်ကြမည်မှာမဆန်းပါ။ သို့သော် ယနေ့ခေတ် လူကြီးလူငယ်မရွေးတို့အနေဖြင့် KBZ pay၊ AYA pay၊ UAB pay၊ CB pay၊ MYTEL pay တို့ဟူသည်ကား မစိမ်းတော့။ ဘာမျှအခက်အခဲမရှိလှ။ လူတိုင်းလက်ဝယ် မိုဘိုင်းဖုန်းအမျိုးမျိုး ကိုင်နိုင်ကြသည်ဖြစ်၍ အလွယ်တကူကျော်ဖြတ် နိုင်ကြမည်သာဖြစ်သည်။
ပြောင်းလဲတိုးတက်လာနေသော နိုင်ငံတကာ၌ တွင်ကျယ်ပြီးဖြစ်သည့် ဒစ်ဂျစ်တယ်ရေစီး ကြောင်းတွင် ခေတ်မီစွာ လိုက်ပါစီးမျောနိုင်ရန်မှာ ပို၍အရေးကြီးနေသည်။ ထီကံစမ်းလိုသူ မိဘပြည်သူအများစုက ထီတစ်စောင်ဈေးနှုန်းကို သတ်မှတ်ဈေးနှုန်းအတိုင်းသာ ဝယ်ချင်ကြသည်။ ယခင်က ထီဈေးနှုန်းမှာ အားနည်းချက်တစ်ခုရှိခဲ့သည်။ တစ်စောင်လျှင် ငွေကျပ် ၁၀၀၊ ၂၀၀ ပိုပေး ဝယ်ယူနေရသည့် အားနည်းချက်ကို ယခုဒစ်ဂျစ်တယ်စနစ်က သတ်မှတ်ဈေးနှုန်းအတိုင်း သာ ရောင်းချပေးခြင်းဖြင့် ဖြေရှင်းပေးနိုင်မည်ဟု ဆိုသည်။ ဝယ်ယူသူဘက်က ဝေဖန်မှုများ တတ်နိုင်သမျှ လျော့ကျသွားမည့်အခြေအနေကို မြင်ရသည်။
တရားမဝင် ထီကစားခြင်းနှင့် ကင်းဝေးစေလိုသောစေတနာ
ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေးစဉ်းစားပြီး ဆောင်ရွက် ရသောလုပ်ငန်းမှန်သမျှ ပြည်သူကိုသာ ဗဟိုပြုပြီး စဉ်းစားရသည်။ ဤအောင်ဘာလေသိန်းဆု အွန်လိုင်းထီစနစ်သည်လည်း ပြည်သူကိုဗဟိုပြုပြီး စဉ်းစားဆောင်ရွက်ပေးသော လုပ်ငန်းများအနက်မှ တစ်ခုဖြစ်သည်။ ကိုယ့်စိတ်ကြိုက်ဂဏန်း၊ ကိုယ်ကြိုက်သည့် အက္ခရာကိုရွေးပြီး လွတ်လပ်စွာဖြင့် အလွယ်တကူ ဝယ်ယူကံစမ်းခွင့်ရခြင်း၊ တရားဝင် လုပ်ငန်းဖြစ်ခြင်းတို့ကြောင့် စိတ်လှုပ်ရှားစိတ်ဝင်စားစရာဖြစ်သကဲ့သို့ ပျော်စရာလည်းကောင်းပါမည်။
တရားမဝင် နှစ်လုံး၊ သုံးလုံးချဲထီ၊ တရားမဝင် ထိုင်း၊ စင်ကာပူ အွန်လိုင်းထီများကို မိမိတို့ပြည်သူများ မထိုးဖြစ်အောင် လျော့ကျစေလိုသော စေတနာကြောင့်လည်း ဤသို့သော တရားမဝင်လောင်းကစား ထီထိုးခြင်းများကို ကိုယ်ကိုယ်တိုင် လျှော့ချစေချင် သည်၊ စိတ်သန့်သန့်ဖြင့် ရှောင်ကြဉ်ကြစေချင်သည်။ မည်သည့် တရားမဝင်လုပ်ငန်းမှန်သမျှ ပြုသူအတွက်မကောင်းလှပါ။ တရားမဝင်လောင်းကစား မှုကြောင့် ကြွေးနွံနစ်ခြင်းအပါအဝင် တစ်ခါတစ်ရံ ဆုံးရှုံးမှုက ကြီးလွန်းလှသည်။ မိမိတို့နိုင်ငံတွင် မိမိတို့အစိုးရက မိမိတို့အတွက် ဆောင်ရွက်ပေးထားသော တရားဝင်လုပ်ငန်းကိုသာ အားပေးခုံမင် နှစ်သက်စွာဖြင့် ပါဝင်ကံစမ်းစေချင်သည်။
အားလုံးအတွက် လက်လှမ်းမီ အဆင်ပြေလိုက်လျောညီထွေဖြစ်စေမည်
ထီထိုးပြီး ငွေပေးချေရာတွင်ရော ထီဆုငွေထုတ်ရာတွင်ပါ အချိန်မရွေး၊ နေရာမရွေး ပြည်သူအားလုံး လက်လှမ်းမီ အဆင်ပြေလွယ်ကူစေလို၍ အကောင်အထည်ဖော်ခဲ့ခြင်းလည်း ဖြစ်သည်။ တိုးတက်လာသည့် ခေတ်စနစ်နှင့်အညီ ကိုယ့် ပြည်သူများကို လိုက်လျောညီထွေ ဖြစ်စေလိုသည့် စေတနာလည်းပါသည်။ မိုဘိုင်းဖုန်းရှိရုံနှင့်ပင် အဆင်ပြေသည်။ လက်ရှိသုံးစွဲနေသည့် (Printed Paper) ပုံနှိပ်ထီကိုလည်း ဆက်သုံးလိုက ဆက်လက်သုံးစွဲ၍ရသည်။ အွန်လိုင်းထီအောင်ဘာလေ Application ကို ကိုယ်သုံးစွဲသော ဖုန်းအမျိုးအစားအလိုက် ဒေါင်းလုပ်ဆွဲ၊ အင်စတောလ်လုပ်မိမိ ဖုန်းနံပါတ်ဖြင့် ကြိုတင်အကောင့်ဖွင့်ထားရပါမည်၊ ဤသည်မှာလည်း အခက်ကြီးမဟုတ်၊ ရိုးရိုးရှင်းရှင်းပင်ဖြစ်သည်၊၊
မြို့ပြနှင့် ကျေးလက်ပြည်သူအကြား ဆင်းရဲချမ်းသာ ကွာဟမှုမကြီးမားလက်လှမ်းမီနိုင်စေရန် ရည်ရွယ်စီမံပြီးဖြစ်သည်။ ယခင်အတိုင်း ထီလက်မှတ်တစ်စောင် တစ်ထောင်ကျပ်နှုန်းဖြင့် ထီလက်မှတ်ဖြင့်ဆိုလျှင် က မှ စ အထိ၊ အွန်လိုင်းထီ ကို ဆ မှ ဌ အထိ ယခု ဇွန်လ ၈ ရက်မှစ၍ ဝယ်ယူကံစမ်းနိုင်ပြီဖြစ်သည်။ ထီဖွင့်လျှင်လည်း တကူးတက ထီတိုက်ရန်မလို၊ ကံထူးသူအတွက် မိမိထံ ကိုယ့်မိုဘိုင်း ဖုန်းမှတစ်ဆင့် SMS ဖြင့် အကြောင်းကြားလာမည့် သတင်းကို ကြိုတင်စောင့်မျှော်၍ မိမိမှတ်ပုံတင်နံပါတ်ဖြင့် ဆုငွေထုတ်ယူရုံသာ။ ထီဆုငွေထုတ်ယူလျှင်ကော။ ပမာဏနည်းသည့် ဆုကြေးငွေ ဥပမာ ကျပ် ၁၀ သိန်းအောက်ဆိုလျှင် ယခင်ကကဲ့သို့ ဆိုင်တွင် သွားထုတ်ရန်မလို၊ ဤဆိုင်တွင် ထုတ်ပေးလား မပေးလား၊ မိမိဆုငွေထဲက ဖြတ်မလား၊ တောက်မလား Transection Costs များအတွက် စိုးရိမ်စရာမလို၊ ကိုယ့်အကောင့်ထဲ ရောက်လာအောင် အီလက် ထရွန်နစ်ဝန်ဆောင်မှု နည်းလမ်းများမှ တစ်ဆင့် လွှဲပြောင်းဆောင်ရွက် ပေးသွားပါလိမ့်မည်။ အချိန်တိုအတွင်း ကိုယ့်စိတ်ကြိုက် စီမံဆောင်ရွက်နိုင်စွမ်းသော ဝန်ဆောင်မှုများဖြင့် customer ကို ကျေနပ်မှုရရှိစေမည်ဖြစ်သည်။
ငွေသားမဲ့ငွေပေးချေမှုစနစ်တစ်ခု ဖန်တီးနိုင်မည့်အခွင့်အလမ်း
ယခုမိတ်ဆက်ခဲ့သည့် အောင်ဘာလေ အွန်လိုင်းထီစနစ်သည် ကံစမ်းသူ၊ ကံထူးသူ တစ်ဦး တစ်ယောက်ချင်းအတွက် အကျိုးရလဒ်သာလွန်ရုံမက နိုင်ငံအတွက် ပြည်သူအတွက်လည်း အရေးကြီးလှသော အပေါင်းလက္ခဏာဆောင်ချက်များစွာ ရှိသည်ကို သတိပြုသင့်သည်။ နိုင်ငံသားတိုင်းသည် တစ်ချိန်တွင် ငွေသားကိုင်ဆောင်သုံးစွဲရသည့် အလေ့အထကို လျှော့ချသွားလိုသည့် ရည်ရွယ်ချက် ငွေသားမဲ့ပေးချေမှုစနစ် (Cashless Transection Society) ကို ဖန်တီးလို၍ဖြစ်သည်။ ၎င်းစနစ်က လုပ်ငန်းကို ချောမွေ့လျင်မြန်စေသည်။ ဝယ်သူရောင်းသူ ငွေရေတွက်ရသည့်၊ အကြွေအမ်းရသည့် အလုပ်များ များစွာသက်သာသွားသည်။ ပွင့်လင်းမြင်သာမှုရှိပြီး အမှားအယွင်းမရှိနိုင်ဘဲ ငွေပေးချေမှုအတွက် ကလစ်တစ်ခုနှိပ်ရုံသာ...။ အလုပ်တစ်ခုမှာ စောင့်ဆိုင်းရသည့်အလုပ်၊ ဘယ်ဂဏန်း၊ ဘယ် အက္ခရာထိုးရမည်ကို ရှာဖွေရမည့်အချိန် များစွာ သက်သာသွားမည်ဖြစ်သည်။
လူချင်း ထိတွေ့ဆက်ဆံမှု နည်းသွားသည့်အတွက် ယခုခေတ် ကူးစက်ရောဂါများဘေး အန္တရာယ်မှလည်း ကင်းဝေးစေသည်။ ငွေသားမဲ့ပေးချေမှုစနစ် တစ်ခုဟူသည် ယခုခေတ်တွင် အထူးအဆန်းမဟုတ်ဘဲ ခေတ်မီတိုးတက်လိုသူတိုင်းအတွက် ဆွဲဆောင်မှုတစ်ခုပင် ဖြစ်နေပေပြီ။ အောင်ဘာလေအွန်လိုင်းထီအတွက် သုံးစွဲမည့် Software မှာလည်း အဆင်သင့်ဖြစ်၍ နိုင်ငံ၏ ငွေကြေးလည်ပတ်မှုစနစ်နှင့် နိုင်ငံဖွံ့ဖြိုးမှုတွင် အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာမည်ဟု မြင်မိသည်။
နိုင်ငံတော်ဘဏ္ဍာအခွန်ဖြည့်ဆည်းရာတွင် ပါဝင်ထောက်ကူခြင်းဖြင့်
အွန်လိုင်း အောင်ဘာလေသိန်းဆုထီစနစ်၏ နောက်ထပ်အကျိုးဆက်တစ်ခုမှာ နိုင်ငံတော် အခွန်ဘဏ္ဍာတိုးတက်ရရှိလာခြင်းပင် ဖြစ်သည်။ ဤပြုပြင်ပြောင်းလဲမှုတွင် လိုက်ပါဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်မှုကို ပြသရာရောက်သည်။ တရားဝင်ပြည်တွင်း အောင်ဘာလေနှင့် တရားမဝင် ပြည်ပထီထိုးခြင်းတို့ ဤနေရာတွင် ကွာခြားသွားသည်။ မိမိနိုင်ငံငွေများ ပြည်ပသို့ တရားမဝင်စီးဆင်းသွားခြင်းသည် နိုင်ငံ၏အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးတွင် များစွာ နစ်နာဆုံးရှုံးမှုများ ရှိနေသည်။ အခြားနိုင်ငံမှ ထီကိုထိုး၍ ထိုနိုင်ငံကပင် အခွန်ငွေရသွားသည့် အဖြစ်သည် နိုင်ငံကို များစွာအကျိုးယုတ်စေသည်။ ပေါက်အားနည်းသော မြန်မာနိုင်ငံ၏ အောင်ဘာလေ ထီကိုထိုး၍ မပေါက်ခဲ့လျှင် နောက်ဆုံး မိမိ ကံစမ်းထိုးလိုက်သောငွေကြောင့် နိုင်ငံတော်က အခွန်ရသွားသည့်အတွက် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်ရာလည်းရောက်သည်။
ကိုယ်ကပေးလိုက်ရသောငွေသည် ကိုယ့်နိုင်ငံ အတွက်အခွန်ဖြစ်ပြီး ကိုယ့်နိုင်ငံသားများအတွက် လိုအပ်သည့်နေရာတွင် သုံးစွဲလိုက်ခြင်းဖြစ်ရာ ကုသိုလ်လည်းမြောက်ပါသည်။ သို့သော် တရားမဝင် ပြည်ပထီထိုးကံစမ်းခြင်းဟူသော ထိုအရေးသည် ယနေ့အထိ ကုစားရခက်ခဲနေသော ကိစ္စရပ်တစ်ခု ဖြစ်ဆဲပင်...။ တရားဝင်အောင်ဘာလေထီ ကံစမ်းသူ အရေအတွက် တိုးတက်များပြားလာသော်လည်း တရားမဝင် ချဲထီထိုး၊ ပြည်ပထီ ကစားမှုပမာဏလည်း များသည်ထက် များနေဆဲသာဖြစ်သည်ကို သတိမူ၍ ပြုပြင်ပြောင်းလဲမှုကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်ရပေမည်။
တစ်ဆက်တည်း တင်ပြချင်သည်မှာ– အိမ်နီး ချင်းနိုင်ငံများ၏ ထီအမျိုးအစားများသည် တစ်ခါတစ်ရံ ရက်လွန်ထီလက်မှတ်အတုအဟောင်းဖြင့် လိမ်ညာရောင်းချခံရခြင်း၊ ထီလက်မှတ်လိမ်ညာ ယူခံရပြီး ထွက်ပြေးခြင်း၊ ထီပေါက်ပါကလည်း သွားရောက်ထုတ်ယူရန် အခက်အခဲများရှိနိုင်ခြင်း၊ နိုင်ငံတွင်း၌ အတည်ပြု ပြဋ္ဌာန်းထားသည့် လောင်းကစားဥပဒေများနှင့် ငြိစွန်းပြီး တရားမဝင် ထီကံစမ်းသူရော ထီထိုးရန် တိုက်တွန်းသူကိုပါ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်ခံရနိုင်ခြင်း၊ ထီထိုး နည်းတစ်ခုခုကို ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ် ဆောင်ရွက်ခြင်း၊ ငွေကြေး အကျိုးအမြတ်ရယူခြင်းများသည် များစွာအန္တရာယ်ရှိသည်။ ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ၊ ငွေဒဏ် တစ်သိန်းမှ ငါးသိန်းအထိ ထောင်ဒဏ်၊ ငွေဒဏ်များချမှတ်ခံရနိုင်သည်ကို သတိပြုစေလိုသည်။
အချုပ်ဆိုရလျှင် နိုင်ငံတော်အစိုးရက ဦးဆောင်ပြီး ဆောင်ရွက်နေသော အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်သည် မြန်မာပြည်သူများအကျိုးကို တိုက်ရိုက်ဦးတည်သော တိုးတက်သည့်ပြုပြင် ပြောင်းလဲမှုတစ်ခုဖြစ်သကဲ့သို့ နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေး အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေးကိုလည်း များစွာအထောက်အကူ ဖြစ်စေသည်။ သို့သော်လည်း အထက်ပါဆိုခဲ့သကဲ့သို့ ပြုပြင်ပြောင်းလဲမှုတိုင်းတွင် စိန်ခေါ်မှုများရှိစမြဲ၊ တိုက်ခိုက်ဝေဖန်မှုများကိုလည်း ကြိုတင်မြော်တွေး ထားရမြဲပင်ဖြစ်သည်။ ဖိအားများကြားမှ တာဝန်ယူ တာဝန်ခံမှု ကြီးကြီးမားမားဖြင့် ဦးဆောင်မှုပေးကာ လုပ်နိုင်သမျှ ကြိုးစားလုပ်ဆောင်နေခြင်းဖြစ်၍ နိုင်ငံသားများအနေဖြင့်လည်း မဖြစ်မနေ လိုက်ပါ ဆောင်ရွက်ကြမည်ဟု မြင်ပါသည်။ အားနည်းချက်များကိုလည်း တတ်နိုင်သမျှ ပြုပြင်ပြင်ဆင်၍ တိုးတက်သည်ထက် တိုးတက်အောင် တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ကြိုးစား ဆောင်ရွက်နေရမည်သာဖြစ်သည်။
အထူးသဖြင့် တရားမဝင်ထီများ၏ အားသာချက်များဖြစ်သည့် ထီစောင်ရေများများ ကစားနိုင်သည့်အခြေအနေ၊ တစ်လလျှင် ဖွင့်လှစ်မှု အကြိမ်အရေအတွက်၊ ပိုသာသောဆုအရေအတွက်နှင့် နှိုင်းယှဉ်၍ မိမိတို့၏ တရားဝင် အောင်ဘာလေထီ လုပ်ငန်းတွင် ပြည်သူများအတွက် အကျိုးများသည် ထက်များအောင်၊ ပြည်သူများ စိတ်ပါဝင်စားပြီး ပိုမိုပူးပေါင်းပါဝင်လာအောင် ပိုမိုသာလွန်သည့် ဆွဲဆောင်မှုများဖြင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်နေရဦးမည်ဟု ယူဆသည်။ သို့မှသာ မိမိနိုင်ငံအကျိုးစီးပွား၊ မိမိပြည်သူများ၏ အကျိုးစီးပွားကို ပြည်သူဗဟိုပြုဟူသော စကားရပ်နှင့်အညီ ကာကွယ်စောင့်ရှောက်ရာ ကျပါမည်။ ။
No comments