ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါခရိုင်သို့ တိုင်ဖွန်းမုန်တိုင်း မဝါချဉ်းကပ်လာသဖြင့် မိုးသည်းထန်စွာရွာသွန်းဖွယ်ရှိ

 



ဇွန် ၂


ဂျပန်နိုင်ငံတောင်ဘက်ဆုံးပိုင်း အိုကီနာဝါခရိုင်သို့ ကြာသပတေးနေ့ညနေပိုင်းမှ သောကြာနေ့အထိ အားပြင်းတိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာမည်ဟု ယူဆရသဖြင့် လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းနိုင်ခြင်းတို့နှင့်ပတ်သက်ပြီး မိုးလေဝသအေဂျင်စီက ယမန်နေ့က သတိပေးပြောကြားထားသည်။


ဂျပန်မိုးလေဝသဆိုင်ရာအေဂျင်စီ( ဂျေအမ်အေ )က အိုကီနာဝါ၏ မီယာကကိုဂျီမာကျွန်း၏အရှေ့တောင်ဘက် ကီလိုမီတာ ၈၀ အကွာတွင်တည်ရှိနေသော တိုင်ဖွန်းမုန်တိုင်းမဝါသည် မြောက်-မြောက်အရှေ့သို့ တစ်နာရီလျှင် ၁၅ ကီလိုမီတာဖြင့် တိုက်ခတ်လျက်ရှိသည်ဟု  ယမန်နေ့မွန်းလွဲပိုင်းက ပြောကြားသည်။


အိုကီနာဝါနှင့် ကာဂိုချီမာခရိုင်၏အာမာမီဒေသတို့တွင် ဇွန်လ ၂ ရက်အထိ လေပြင်းများတိုက်ခတ်သွားဖွယ်ရှိသည်။


ထိုဒေသများတွင် ရုတ်တရက်တိုက်ခတ်သောလေပြင်းများသည် အများဆုံး တစ်နာရီလျှင် ၁၂၆ ကီလိုမီတာ ရှိမည်ဟု ယူဆထားကြောင်း ဂျေအမ်အေ၏ပြောကြားချက်အရသိရသည်။


အိုကီနာဝါနှင့် အာမာမီဒေသတို့တွင် ဇွန်လ ၂ ရက်နေ့မွန်းလွဲပိုင်းအထိ မိုးရေချိန် မီလီမီတာ ၁၅၀ အထိ မိုးများရွာသွန်းမည်ဟု မျှော်မှန်းထားကြောင်း ဂျေအမ်အေက ပြောကြားသည်။


မိုးလေဝသတာဝန်ရှိသူများက လေပြင်းများတိုက်ခြင်းနှင့် လှိုင်းကြီးခြင်းတို့ကြောင့် မြေပြိုမှုများ၊ မြေနိမ့်ဒေသများတွင် ရေကြီးရေလျှံခြင်းနှင့် မြေရေကြီးခြင်းတို့နှင့်ပတ်သက်ပြီး ဒေသခံများအား သတိပေးစကားပြောကြားထားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.