မဲခေါင်−လန်ချန်းနိုင်ငံများအကြား စာကြည့်တိုက်များရှိ ရှားပါးစာပေအမွေအနှစ်ပစ္စည်းများ ပြုပြင် ထိန်းသိမ်းရေး ကွန်ရက်ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဦးစီးကော်မတီညှိနှိုင်း အစည်းအဝေးကျင်းပ
နေပြည်တော် ဇွန် ၁၂
မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၂)ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ဆောင်ရွက်မည့် မဲခေါင်−လန်ချန်းနိုင်ငံ များအကြား စာကြည့်တိုက်များရှိ ရှားပါးစာပေအမွေအနှစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးကွန်ရက် ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Seminar on Building Networks on Preservation and Conservation of Literary Heritages among Lancang-Mekong Area, especially Rare Materials in Libraries) အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်တွင် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမြဲတမ်း အတွင်းဝန်၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသူများနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မဲခေါင်-လန်ချန်းဧရိယာအတွင်းရှိ စာကြည့်တိုက်များ၌ ထိန်းသိမ်းထားရှိသည့် စာပေပစ္စည်းများကို ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် စာကြည့်တိုက်ပညာရှင်များအတွက် ကွန်ရက်တစ်ခု တည်ဆောက်ရန်၊ ပိုမိုကောင်းမွန်သည့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို တိုးမြှင့်ရန်၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် သက်ဆိုင်သည့် အတွေ့အကြုံဗဟုသုတများကို ဖလှယ်ရန်နှင့် စာကြည့်တိုက ်များရှိ ရှားပါးစာပေပစ္စည်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် အကောင်းဆုံးနည်းလမ်းများ မျှဝေနိုင်ရန်ရည်ရွယ်၍ ကျင်းပမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် စာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်း ရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ရှားပါးစာပေပစ္စည်းများ တွေ့ကြုံရမည့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှု၊ ဒီဂျစ်တယ်နည်းဖြင့် ထိန်းသိမ်းစောင့်ရှောက်မှုစသည့် ခေါင်းစဉ်(၃)ခုနှင့် သက်ဆိုင်သည့့် စာတမ်းများကို ဖတ်ကြားကြမည်ဖြစ်ကြောင်း၊ စာတမ်းများကို မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှ စာတမ်း (၁)စောင်စီ ဖတ်ကြားသွားမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းမှ ရှားပါးစာပေပစ္စည်း ထိန်းသိမ်းထား ရှိမှုနှင့်စပ်လျဉ်းသည့် အယူအဆသစ်၊ အတွေးအမြင်သစ်များ ပေါ်ထွက်လာပြီး စာကြည့်တိုက်များ၏ အကျိုးအတွက် အထောက်အကူဖြစ်ခြင်း၊ ရှားပါးစာပေပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် နည်းဗျူဟာများကို မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများအကြား ဖြေရှင်းနိုင်သည့် နည်းလမ်းများရှာဖွေနိုင်ခြင်းနှင့် စာကြည့်တိုက်များမှတစ်ဆင့်ဖြေရှင်းခြင်း၊ လက်တွေ့နယ်ပယ်တွင် အသုံးပြုနိုင်ခြင်း၊ ပိုမိုကောင်းမွန်သည့် ထိန်းသိမ်းစောင့်ရှောက်ရေး နည်းလမ်းများရရှိနိုင်ခြင်း စသည့် ရလဒ် ကောင်းများ ရရှိစေမည်ဖြစ်ကြောင်း၊ အဖိုးမဖြတ်နိုင်သည့် ရှားပါးစာပေအမွေ အနှစ်များကို ရေရှည်တည်တံ့ရန် နည်းလမ်းမျိုးစုံနဲ့ ထိန်းသိမ်းသွားမည့် ယခုဆွေးနွေးပွဲ အောင်မြင်ရေးအတွက် ဆပ်ကော်မတီအသီးသီးက ဝိုင်းဝန်းပံ့ပိုးဆောင် ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေး ယူနစ်(မြန်မာ)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်က မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခွင့်ရရှိသည့် စီမံကိန်းများ၏ လုပ်ထုံး၊ လုပ်နည်းများကို ရှင်းလင်းတင်ပြခဲ့ပြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆပ်ကော်မတီများက လုပ်ငန်းတာဝန်အလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)
No comments