နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားတက်ရောက်
နေပြည်တော် ဇွန် ၁၂
စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်း (၃ ဒသမ ၆) ဧကတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရှာစေးဖိုကျေးရွာအနီးရှိ အဆိုပါပညာပေးစိုက်ခင်း၌ ကျင်းပ သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသိပ္ပံ ဗဟိုဌာနတို့ ပူးပေါင်းပြီး စပါးမျိုးပေါင်းများစွာကို သုတေသနလုပ်ငန်များ ဆောင်ရွက်ခဲ့ပြီး စမ်းသပ်အောင်မြင်ခဲ့သည့်အတွက် တောင်သူများသိရှိပြီး လက်တွေ့ လိုက်ပါ စိုက်ပျိုးနိုင်စေရန်ရည်ရွယ်ပြီး ဆည်မြောင်းနှင့်ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ယခုလို သရုပ်ပြပွဲကျင်းပရခြင်း ဖြစ်ကြောင်း။
ယခုသရုပ်ပြစိုက်ပျိူးမည့် စိုက်ခင်း (၃ ဒသမ ၆) ဧကတွင် ရတနာတိုး (၁) ဧက၊ ပြည်တော်ရင် (၀ ဒသမ ၇၉) ဧကနှင့် ထိုင်းနှံကောက် (၁ ဒသမ ၈၉) ဧကဖြင့် စပါးမျိုးသုံးမျိုးကို စမ်းသပ်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း၊ စပါးသားတက်ဆင့်ပွား နည်းပညာသရုပ်ပြ စိုက်ခင်းများအနေဖြင့် စိုတစ်လှည့်ခြောက်တစ် လှည့် စိုက်ပျိုးရေပေးဝေသည့် (Alternate Wet and Dry) စနစ်ဖြင့်် စပါးပင်၏ ရေလိုအပ်ချက်ကို တိုင်းတာ တွက်ချက်၍ ရေကိုလိုအပ်သလောက်သာ ပေးဝေသည့် နည်းစနစ်တို့ကို အသုံးပြုပြီး သရုပ်ပြစိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ အထွက်တိုးသည့် မျိုးကောင်းမျိုးသန့်များ၊ ခေတ်မီစက်ကိရိယာများ၊ စိုက်ပျိုးရေ ရယူသည့်စနစ်များနှင့် စိုက်ပျိုးနည်းပညာများကို အသုံးပြုစိုက်ပျိုးကြ၍ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးကာ အထွက်နှုန်းများတိုးတက်ပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်းက စပါးသား တက်ဆင့်ပွား စိုက်ပျိုးနည်းပညာနှင့် ပတ်သက်၍လည်းကောင်း၊ နေပြည်တော်စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ သုတေသနပညာရှင်တစ်ဦးက စိုက်ပျိုးနည်းစနစ်နှင့် အကျိုးကျေးဇူးများကို လည်းကောင်း၊ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ဇော်က စပါးသား တက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြပညာပေးစိုက်ခင်း ဆောင်ရွက်ခဲ့မှုအခြေအနေကို လည်းကောင်း၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက စပါးသား တက်ဆင့်ပွား စိုက်ပျိုးနည်းပညာတောင်သူသရုပ်ပြ ပညာပေးစိုက်ခင်းတွင် စက်မှုလယ်ယာစနစ် အသုံးပြုမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသည့် တောင်သူများက စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ၊ တောင်သူများက စပါးသား တက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့၊ ကန်တော် မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင် ဖောင်ဒေးရှင်းကွန်ကရစ်လောင်းခြင်းပြီးစီးမှုနှင့် ဆက်စပ်လုပ်ငန်းများ၊ ဘုရားကျောင်းဆောင်သို့ လျှောက်လမ်းတည်ဆောက်ရန်အတွက် ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယိုရေကန် အမှတ်(၂) သဲနုန်းများ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)
No comments