မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၉) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ



နေပြည်တော်  ဇွန် ၁၂


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပသည်။


အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ယခုသင်တန်းတွင် ပို့ချပေးမည့် အခွန်ဆိုင်ရာဘာသာရပ်များကို လေ့လာမှတ်သား၍ လုပ်ငန်းလမ်းညွှန် အဖြစ်ခံယူပြီး၊ အဓိကတာဝန်ဖြစ်သော နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများအား သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ အခွန်ထမ်း ပြည်သူများက တာဝန်သိစွာ ပေးသွင်းသောအခွန်ငွေများကို နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိရှိ ခွဲဝေသုံးစွဲနေသည်ကို အခွန်ထမ်းပြည်သူများ သိရှိနားလည်သဘောပေါက်လာအောင် အသိပညာပေးစည်းရုံးဆောင်ရွက်သွားကြရန်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရန်နှင့် ဌာန၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက် ကြရန် ဆွေးနွေးမှာကြားသည်။


သင်တန်းဖွင့်ပွဲအခမ်းအနားသို့  ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများ တက်ရောက်ကြသည်။


သင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၈၀) တက်ရောက် ကြပြီး၊ သင်တန်းကာလမှာ ရက်သတ္တပတ် (၈) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။        

သတင်းစဉ်   

No comments

Powered by Blogger.