ခေတ်မီလယ်ယာသုံးစက်ကိရိယာများအဖြစ် ပြောင်းလဲတိုးတက်သည့် တီထွင်ထုတ်လုပ်မှု ဖြစ်စေရေးကြိုးပမ်းဆောင်ရွက်
နေပြည်တော် ဇွန် ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဇွန် ၁၅ ရက် နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရှိ စက်မှု လယ်ယာဦးစီးဌာန လယ်ယာသုံးစက်ကိရိယာ အရည်အသွေး စမ်းသပ်စစ်ဆေးရေးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် လယ်ယာသုံး စက်ကိရိယာများ၏ ရုန်းအား၊ လည်ပတ်နှုန်း၊ အင်ဂျင်ပါဝါ၊ မီးခိုးပြင်းအား၊ ဝန်ရိုးပါဝါ၊ ဟိုက်ဒြောလစ်ပန့်ပါဝါ၊ ဝန်ချီအား၊ ထွန်စက်ဆွဲအား၊ အင်ဂျင်ဘလောက်နှင့် ဂီယာဘောက်များကို စမ်းသပ်ကိရိယာ (၇)မျိုးဖြင့် စစ်ဆေးတိုင်းတာနိုင်မှုကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများ အရည်အသွေးကောင်းမွန်သည့် ခေတ်မီလယ် ယာသုံးစက်ကိရိယာများကို မှန်ကန်စွာ ရွေးချယ်အသုံးပြုနိုင်ရေး၊ ရိတ်သိမ်းခြွေလှေ့စက်များ၏ စွမ်းဆောင်ချက် အရည်အသွေး၊ တိကျမှန်ကန်စွာ အသုံးပြုနိုင်ရေး၊ စက်ကိရိယာများ၏ ဘေး ကင်းလုံခြံမှုနှင့် တာရှည်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ရိတ်သိမ်းချိန်လွန် နည်းပညာ သင်တန်းကျောင်း(ထုံးဘို)၏ တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်မှု၊ သရက်၊ လောင်ဂန်၊ နဂါးမောက်၊ ကျွဲကောသီးနှံများ စံပြစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးကို စိတ်ပါဝင်စားသူတိုင်းအတွက် စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ ရိတ်သိမ်းချိန်လွန် နည်းပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ အရည်အသွေးမြင့် စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပတင်ပို့မှု တိုးတက်ဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သည့် အဆင့်မြင့်နည်းပညာများ တိုးချဲ့ပို့ချပေးရန်နှင့် သင်တန်းပြီး နောက်ပိုင်းကာလများတွင် သင်တန်းသားများ၏ တုန့်ပြန်ချက်များကို စောင့်ကြည့်လေ့လာပြီး ယင်းတို့၏ အခက်အခဲများကို ဆက်လက်ကူညီ ဖြေရှင်းပေးကြရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့၊ မြဘုရင် နို့နှင့် နို့ထွက်ပစ္စည်း စက်ရုံ၏ နို့စားနွားမွေးထားရှိမှု၊ နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်နေမှု၊ တိရစ္ဆာန် အစာပင် စိုက်ပျိုးအသုံးပြုနေမှု၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကျောက်ဆည်မြို့၊ အင်းကုန်းကျေးရွာ၊ မြန်မာ့လယ်ယာသုံး စက်ကိရိယာ စက်ရုံ၏ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ခြင်းလုပ်ငန်းများဖြစ်သည့် သံရည်ကြိုလုပ်ငန်း စက်ခုတ်စားခြင်းနှင့် အင်ဂျင်တပ်ဆင်ရေးအလုပ်ရုံ၊ သံဂဟေ၊ ပုံဖိနှင့် လက်တွန်းထွန်စက် တပ်ဆင်ရေးအလုပ်ရုံ၊ ဂီယာ၊ ရှပ်များ စက်ခုတ်စားခြင်းနှင့် အမာတင် အလုပ်ရုံ၊ သံရည်ကြိုနှင့် ဂီယာအကြမ်း ပုံထောင်းအလုပ်ရုံ ၊ ရိတ်သိမ်းခြွေလှေ့စက် တပ်ဆင်ရေးအလုပ်ရုံများ၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လယ်ယာသုံးစက် ကိရိယာများ၏ အားနည်းချက်အားသာချက်များကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲဖြတ်ပြီး ခေတ်မီလယ်ယာ သုံးစက်ကိရိယာများအဖြစ် ပြောင်းလဲတိုးတက်သည့် တီထွင်ထုတ်လုပ်မှု ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များအား ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် စဉ့်ကိုင်မြို့နယ်၊ စွန်ရဲအင်းဒေသ မွေးမြူရေးဇုံတည်ထောင်နိုင်မည့် မြေနေရာကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးအစာစိုက်ပျိုးနိုင်ရေး၊ ရေရှိရေးဆောင် ရွက်နိုင်မည့် အခြေအနေများကို သက်ဆိုင်ရာဌာနတာဝန်ခံနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments