ဒုတိယဝန်ကြီး ဦးအောင်မြိုင် နေပြည်တော် - တောင်ငူ ရထားလမ်းပိုင်း၊ ရန်ကုန် - မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအပိုင်း(၁)ဖြစ်သည့် တောင်ငူ - ညောင်လေးပင် - ပဲခူး - ရန်ကုန် လမ်းပိုင်း၊ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့် RBE ပြင်စက်ရုံများအား ကြည့်ရှုစစ်ဆေး




ရန်ကုန် ဇွန် ၁၇


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် သည် မြန်မာ့မီး ရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ ဇွန် (၁၃) ရက်မှ (၁၆) ရက် အထိ နေပြည်တော် - တောင်ငူ ရထားလမ်းပိုင်း အခြေအနေ၊ ရန်ကုန် - မန္တလေး ရထားလမ်း အဆင့်မြှင့် တင်ရေးစီမံကိန်း အပိုင်း(၁)ဖြစ်သည့် တောင်ငူ - ညောင်လေးပင် - ပဲခူး - ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင်တင်နေမှု အခြေအနေနှင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းနှင့် စက်ခေါင်းပြင်ရုံများတွင် RBE ရထားများပြုပြင်နေမှု အခြေအနေတို့ကို  ကြည့်ရှုစစ်ဆေးသည်။


အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် နေပြည်တော် - တောင်ငူ လက်ရှိရထားလမ်း ပိုင်း အခြေအနေကို RBE ရထားဖြင့် လိုက်ပါစီးနင်း စစ်ဆေးခဲ့ပြီး  လိုအပ်သည့် နေရာများတွင် လမ်းခင်း ကျောက်များ စနစ်တကျဖြည့် သွင်းသွားရန်နှင့် တံတားနေရာများရှိ ဆွေးမြေ့နေသော သစ်သားဇလီ ဖားတုံးများကို စစ်ဆေး၍ လဲလှယ်ဆောင်ရွက်သွားရန် မှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်း အပိုင်း(၁)ဖြစ်သည့် တောင်ငူ - ညောင်လေးပင် - ပဲခူး - ရန်ကုန် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်း စစ်ဆေးခဲ့ပြီး  ဘူတာများ Renovation ပြန်လည် ပြုလုပ်သည့် နေရာများတွင် ရှေးမူမပျက် အရည်အ သွေးနှင့် လက်ရာလက်သား ကောင်းမွန်စေရန် စီမံကိန်း အင်ဂျင်နီယာများမှ စနစ်တကျကြီးကြပ် ဆောင်ရွက်ရေး၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါ က အမြန်နှုန်း ကီလိုမီတာ(၁၀၀) ပြေးဆွဲ နိုင်မည်ဖြစ်သည့်အတွက် တံတားလုပ်ငန်းများနှင့် အချက်ပြ ဆက်သွယ်ရေးစနစ် တပ်ဆင်ခြင်း လုပ်ငန်းများကိုလည်း တစ်ပြိုင်တည်းပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားသည်။


ထို့ပြင် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတစ်လျှောက် RBE ရထားဖြင့် လိုက်ပါစီးနင်း စစ်ဆေးခဲ့ပြီး ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ Diesel Electric Multiple Unit (DEMU) ရထားများရောက်ရှိ ပြေးဆွဲချိန်တွင် လမ်းပိုင်းအတွင်း အမြန်နှုန်းကီလိုမီတာ တိုးမြှင့်ပြေးဆွဲရန် စီစဉ်ထားသဖြင့် ရထားလမ်းပြုပြင်ထိန်းသိမ်းရာ၌ Maintenance Manual  အတိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန်၊   DEMU ရထားများပြေးဆွဲပါက ခရီးသွားပြည်သူများ အဆင်ပြေစေရေး အတွက် ဘူတာပလက်ဖောင်းများကို Level မြှင့်တင်ဆောင်ရွက်ရန်၊ လက်ရှိလမ်းပိုင်းအတွင်း ပြေးဆွဲနေသည့် ရထားတွဲများ သန့်ရှင်းသပ်ရပ်စေရေး အလေးထားဆောင်ရွက်ရန်၊ Electronic Interlocking နှင့် Relay Interlocking အချက်ပြဆက်သွယ်ရေးစနစ် တပ်ဆင်ပြီးစီးသည့် နေရာများအားစနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် ရထားလမ်းလုံခြုံအန္တရာယ်ကင်းရှင်းရေးအတွက် ခြံစည်းရိုးများ နှစ်အလိုက် ဦးစားပေးကာရံသွားရန် မှာကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် RBE အကြီးတန်းပြင်စက်ရုံ(ရန်ကုန်)၊ ကားရထားစက်ရုံ (ပုဇွန်တောင်)နှင့် အင်းစိန်မြို့ပတ်(ဒီဇယ်)စက်ခေါင်းစက်ရုံတို့တွင် ပြုပြင်ပြီး RBE ရထားတွဲများနှင့် ပြုပြင်ဆဲ RBE ရထားတွဲများကို သွားရောက်စစ်ဆေးပြီး Public Transportation အတွက် အသုံးပြုသည့် RBE ရထားတွဲများ ပြုပြင်ရာတွင် Engine ၊ Transmission နှင့် Under Gear ပိုင်း ပြုပြင်ခြင်း၊ ဘော်ဒီဆေးမှုတ်ခြင်းတို့ကို စနစ်တကျဆောင်ရွက်သွားရန်၊ RBE ရထားတွဲများ  ပြုပြင်ရာတွင် သတ်မှတ်ထားသည့် Schedule အတိုင်း စနစ်တကျကောင်းမွန်အောင် ပြုပြင်ရန်၊ ဆွေးနွေးမှာကြားခဲ့သည်။


သတင်းစဉ်

No comments

Powered by Blogger.