ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ရခိုင်ပြည်နယ်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်နယ်တာဝန်ခံများနှင့် တွေ့ဆုံ




နေပြည်တော် ဇွန် ၁၇


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း သည် ဇွန် ၁၅ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနရုံး၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ ဒုတိယအထွေထွေမန်နေဂျာများနှင့် တွေ့ဆုံ၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ဌာနဆိုင်ရာအဆောက်အဦများ ထိခိုက်ပျက်စီးမှု၊ ဝန်ထမ်းအိမ်ရာများ၊ ဝန်ထမ်းမိသားစုပိုင်အိမ်ရာများ ထိခိုက်ပျက်စီးမှုအခြေအနေ၊ ပြန်လည်ပြုပြင်ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။


အဆိုပါထိခိုက်ပျက်စီးမှုများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတို့မှ ဘဏ္ဍာရေးစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာအသုံးစရိတ်ခေါင်းစဉ်မှ သုံးစွဲခြင်း၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း၊ အရေးပေါ်ရန်ပုံငွေမှ တောင်းခံခြင်း၊ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းတင် ပြတောင်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဝန်ထမ်းများအတွက် ကူညီထောက်ပံ့ငွေများကို ဝန်ကြီးဌာနရှိ ဌာနအားလုံးမှ စုပေါင်းလှူဒါန်းငွေကျပ် ၂၀၆ သိန်းဖြင့် ကူညီပံ့ပိုးဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရုံးဌာနအဆောက်အဦများ ပျက်စီးမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် မုန်တိုင်းဒဏ်သင့်ခဲ့သည့် မြို့နယ် ၁၇ မြို့နယ် အတွင်း ဌာနပိုင်နှင့် ဝန်ထမ်းမိသားစုပိုင် အဆောက်အအုံ၊ မော်တော်ယာဉ်၊ ရေ၊ မီး၊ တိရစ္ဆာန် စသည်ဖြင့် ထိခိုက်ပျက်စီးမှုတန်ဖိုး  ငွေကျပ်သန်း ၂၂၀၀ ခန့် ရှိခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.