ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး
တာချီလိတ် ဇွန် ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ်၊ မေ ၈ ရက်တွင် မှတ်ပုံတင်ခွင့် ရရှိပြီးဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝိန်းကျောက်ရပ် အာခါဈေးလမ်း အမှတ် (၂၈၁)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ ဌာနချုပ်မှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယနေ့တွင် နယ်မြေခံတပ်ဧည့်ရိပ်သာ၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေကို စစ်ဆေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အာခါအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား ၁၀၀၀ ပြည့်မီရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ၅ မြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်ရန်၊ ပါတီ အလံနှင့် ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားရန် ပါတီ၏ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကို ညွှန်ကြားချက်နှင့်အညီ ရေးဆွဲဆောင်ရွက်သွားရန် ပါတီဝင်များကိုင်ဆောင်ထားသည့် သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင် ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် အစားထိုး လဲလှယ်နိုင်ရေး သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်၊ အချိုးကျကိုယ်စားပြု စနစ် (PR)ဖြင့် ကျင်းပမည့် ရွေးကောက်ပွဲများတွင် မိမိပါတီ ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ပြည်နယ်ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေး ကဏ္ဍများတွင် ပါဝင်ခွင့်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန် ပြောကြားသည်။
ယင်းနောက် ပါတီတာဝန်ရှိသူများက ပါတီ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ပြန်လည် ရှင်းလင်းတင်ပြကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး၊ ဦးခင်မောင်ဦးနှင့် အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နာယက ဦးမင်းညို၊ ဥက္ကဋ္ဌ ဦးထွန်းအောင် နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
သတင်းစဉ်


No comments