အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် ဇွန် ၁၆


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်းပွဲကို ဇွန် ၁၆ ရက် နံနက်ပိုင်းက ကေတုမတီခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေး၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ဥက္ကဋ္ဌ ရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးစစ်အေးက “နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်များဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်စနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ပြည်သူများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရာတွင် ပြည်သူများကို အနီးကပ်ဝန်ဆောင်မှုပေးရသည့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းအားသည် အလွန်ပင်အရေးကြီးသည့်အတွက် စွမ်းဆောင်ရည်များ အစဉ်တိုးတက်နေစေရန် ပညာသစ်၊ အတွေ့အကြုံသစ်များကို ဆက်လက်လေ့လာသွားရန်လိုကြောင်း၊ “ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်”ဆိုသည့်အတိုင်း မိမိတို့ကျရာ အခန်းကဏ္ဍမှ နိုင်ငံတော်၏ ဦးတည်ချက်၊ ရှေ့လုပ်ငန်းစဉ် များကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း” မှာကြားသည်။ အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၁)သို့ သင်တန်းသား ၂၃ ဦး၊ သင်တန်းသူ ၂၃ ဦး စုစုပေါင်း  ၄၆  ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ ၂၄ ရက်မှ ဇွန် ၁၆  အရက်အထိ ရက်သတ္တ ရှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေးသည် ဇွန် ၁၅ ရက် ညနေပိုင်းက တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ဥက္ကဋ္ဌ ရုံးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ စံပယ်ဆောင်ရှေ့မြေကွက်လပ်တွင် ကျင်းပသည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်အား စိုက်ပျိုးခဲ့ပြီး ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများ၏ မိုးရာသီသစ်ပင် စိုက်ပျိုးပေးမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းနှင့် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၆၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်းစဉ်



No comments

Powered by Blogger.