ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား




နေပြည်တော် ဇွန် ၃၀


လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် Naypyitaw State Academy ၌ ကျင်းပသည်။


အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊  Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။


ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် နိုင်ငံတော်က အားကိုး အားထားရသည့် လူတော်လူကောင်းများဖြစ်လာစေရန် အားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးရန် လိုကြောင်း၊ နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးကြောင်း၊ အများအကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်းရတနာ များဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း၊ လူငယ်များစာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိ စေရန် ငယ်စဉ်အရွယ်က တည်းက လေ့ကျင့်ပေးရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လူငယ်စင်တာများထူထောင်၍ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက်  လူငယ်ကဏ္ဍ (၁၆)ရပ်တွင်ပါဝင်သည့် လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။


ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်းထိန်း သိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့်က လူငယ်နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောသည်။


ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက အားကစားပစ္စည်းများကို Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ဟောပြောပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.