ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) နှင့် ဓနုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ (Danu National Democracy Party) တို့အား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး



တောင်ကြီး ဇွန် ၃၀


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင်များဖြစ်သော ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့်သိန်းတို့နှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် မေလတွင် မှတ်ပုံတင်ခွင့်ရရှိပြီးသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) နှင့် ဓနုတိုင်းရင်းသား လူမျိုး များဒီမိုကရေစီပါတီ (Danu National Democracy Party)တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ရှမ်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေကို တွေ့ဆုံစစ်ဆေးသည်။


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ များအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ဥပဒေအရ သတ်မှတ်ထားသည့်  နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ပြုမိန့်ကျပြီးနောက် ရက်ပေါင်း (၉၀) အတွင်း စုစည်းရမည့်ပါတီဝင်အင်အား ပြည့်မီအောင်စုဆောင်းရေးနှင့် ရက်ပေါင်း (၁၈၀)အတွင်း ဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ၏ မြို့နယ် ပါတီရုံးများဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနများမှ ခွင့်ပြုချက်တောင်းခံဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံးများဖွင့်လှစ်ပြီးပါက မြို့နယ်ပါတီရုံး ဖွဲ့စည်းမှုများကို စနစ်တကျ ဖွဲ့စည်းပုံနှင့်တာဝန်ပေးထားရန်၊ နိုင်ငံရေးပါတီများရှိ ပါတီဝင်များတွင် ယခင်သုံးခေါက်ချိုး အမျိုးသား မှတ်ပုံတင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြား များဖြင့် မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွင် သွားရောက်လဲလှယ်နိုင်ရေး ဆောင်ရွက်သွားရန်၊ မြို့နယ် ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိရန်မှာကြားရာ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း တင်ပြကြသည်။


ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင်အခြေစိုက်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဌာနချုပ်သည် တောင်ကြီးမြို့ ဈေးပိုင်းရပ်ကွက် အနောက်မြို့ပတ်လမ်း အမှတ် (၁၈)တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) သည် ညောင်ရွှေမြို့ ကံသာရပ် တိတ်နန်းတံတားအနီး ရုံးကြီးလမ်းတွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် အမှတ် (၂၀/၂၀၂၃) ဖြင့်လည်းကောင်း၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (Danu National Democracy Party) ဌာနချုပ်ကို ကလောမြို့ (၁၀) ရပ်ကွက် ချယ်ရီလမ်း အမှတ် (၁၀/၆၄) တွင် ဖွင့်လှစ်ထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၂၆/၂၀၂၃) ဖြင့် လည်းကောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၉) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)

                                                           

No comments

Powered by Blogger.