ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးရှိ ဒလသင်္ဘောကျင်း၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းများနှင့် ရန်ကုန်မြို့ ( TMT) ဆိပ်ကမ်းတံတားမှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး






နေပြည်တော် ဇွန် ၃

                    

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီးက နိုင်ငံတော်အကြီးအကဲနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဒလသင်္ဘောကျင်း၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့်  ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ဒုတိယဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် ဘဏ္ဍာရေး နှစ်အလိုက်စီမံချက်များချမှတ်ပြီး လျာထားအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှု များနှင့်ပတ်သက်၍ တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပြီး လုပ်ငန်းလျာထားချက် အတိုင်း အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်၊ အချင်းချင်းစည်းလုံးညီ ညွတ်မှုရှိရန်၊ ပါတီနိုင်ငံရေးနှင့် ကင်းရှင်းစွာနေထိုင်ရန်၊ နိုင်ငံတော်ပိုင်ပစ္စည်းဥစ္စာနှင့် ဘဏ္ဍာငွေများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် ထုတ်ပြန်ထားသော စံသတ်မှတ်ချက်များနှင့်အညီ ဂရုပြုဆောင်ရွက်ကြရန်နှင့် မိုးရာသီရောက်ရှိ လာပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စီမံချက်ပါအတိုင်း စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း ပြောကြားပြီး  ဒလသင်္ဘောကျင်းရှိ ဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် ဒလသင်္ဘောကျင်းရှိ ရေယာဉ်ပြင်ဆင်နေမှု အခြေအနေ၊ စက်ရုံ၊ အလုပ်ရုံနှင့် လွန်းလမ်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ ရောက်ရှိရာ ဦးဆောင်ညွှန် ကြားရေးမှူးက မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ ရေယာဉ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို  ရှင်းလင်းတင်ပြသည်။


ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန်နှင့်လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများကိုစားသောက်ဖွယ်ရာများ ပေးအပ်သည်။


ထို့နောက် ဒုတိယဝန်ကြီးသည် တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းတွင် ကမ်းရိုးတန်းသွားတွဲရေ ယာဉ်(၂)စီး လွန်းတင်ပြုပြင်နေမှုအခြေအနေ၊ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု“စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့က  ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် အသိအမှတ်ပြုထားသည့် မြန်မာ့သင်္ဘောကျင်း လုပ်ငန်း၊ ဂဟေလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ဂဟေပညာရပ် လက်တွေ့သင်ကြားလေ့ကျင့်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ The Myanmar Terminal (TMT) ဆိပ်ကမ်း တံတားမှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ “MV Royal Venus” နှင့် “MV Weru Pack Kha” သင်္ဘောများဖြင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ အထွေထွေမန်နေ ဂျာက စစ်တွေမြို့သို့ တင်ပို့ပြီးသော သင်္ဘောများနှင့် ကုန်ပစ္စည်းများစာရင်း၊ တင်ဆောင်ဆဲသင်္ဘော များနှင့် ကုန်ပစ္စည်းများစာရင်း၊ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေလမ်းကြောင်းအခြေအနေ၊ သင်္ဘောများ အချိန်မီဆိုက်ကပ်ကုန်တင်နိုင်ရေး၊ ထွက်ခွာနိုင်ရေးနှင့် ရေလမ်းကြောင်း ဘေးကင်းလုံခြုံရေးတို့အတွက် စစ်ဆေးဆောင်ရွက်ပေးမှုအခြေအနေနှင့် ရေကြောင်းပြမှူးကြီးများ တာဝန်ချထားပေးမှု အခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ဒုတိယဝန်ကြီးက သင်္ဘောများဆိုက်ကပ်ရာတွင် အန္တရာယ်ကင်းရှင်းစွာ ဆိုက်ကပ်နိုင်ရေး၊ ကုန်များတင်ဆောင်ရာတွင်လည်း စက်ကိရိယာနှင့် လူအင်အားနိုင်နင်းစွာသုံးစွဲနိုင်ရေးနှင့် ဘေး ကင်းလုံခြုံမှုရှိစေရေး၊ သင်္ဘောများမထွက်ခွာမီ စက်ပိုင်းဆိုင်ရာ၊ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ စစ်ဆေးခြင်း၊ ကုန်ပစ္စည်းများတင်ဆောင်ရာ၌ Balance ဖြစ်စေရေးနှင့် လမ်းခရီးတွင် လှိုင်းဒဏ်လေဒဏ်ခံနိုင်ရေး အတွက် ကြိုတင်စီမံဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ကြရန်မှာကြားပြီး ဆိပ်ကမ်း တံတားတွင် “MV Royal Venus” နှင့် “MV Weru Pack Kha” သင်္ဘောများဆိုက်ကပ်၍ ဌာန အသီးသီးမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.