ဥပဒေရေးရာဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက်များစာအုပ် ထုတ်ဝေ
နေပြည်တော်၊ ဇူလိုင် ၄
ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပုဒ်မ ၃၅ အရ ဥပဒေစာအုပ်များ၊ ဥပဒေလက်စွဲစာအုပ်များပြုစုခြင်းနှင့် ထုတ်ဝေခြင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ခဲ့သော အမိန့်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နှစ်စဉ်ထုတ်ပြန်လျက်ရှိသော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို စုစည်း၍ နှစ်အလိုက် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက်များ စာအုပ်ကိုထုတ်ဝေခဲ့ရာ ယခုအခါ ၂၀၂၂ ခုနှစ် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက်များကို စုစည်း၍ စာအုပ်ထုတ်ဝေပြီးဖြစ်သည်။
“၂၀၂၂ ခုနှစ် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက်များ” စာအုပ်သည် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သော အမိန့်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများက ထုတ်ပြန်ခဲ့သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို စုစည်း၍ စာအုပ်ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်တွင် နည်းဥပဒေ (၉)ခု၊ လုပ်ထုံးလုပ်နည်း (၃)ခု၊ အမိန့်ပေါင်း (၈၀)နှင့် ကြေညာချက် (၃)ခုတို့ ပါဝင်သည်။
အဆိုပါ “၂၀၂၂ ခုနှစ် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ကြေညာချက်များ” စာအုပ်သည် တရားဝင်ရည်ညွှန်းကိုးကားနိုင်သည့် စာအုပ်ဖြစ်ပြီး ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ လေ့လာလိုသူများအတွက် အသုံးဝင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည့်အပြင် စာကြည့်တိုက်များတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်
No comments