အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကြိုတင်ပြင်ဆင်ထားရှိမှုများ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး






ရန်ကုန် ဇူလိုင် ၄


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပမည့် ဗဟန်းမြို့နယ် အာဇာနည်ဗိမာန် ပြင်ဆင်ထားရှိများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။


ထိုသို့ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ကြည်နှင့် တာဝန်ရှိသူများက အရေးကြီးပုဂ္ဂိုလ်များ နားနေခန်း ပြင်ဆင်ထားရှိမှု၊ မိသားစုတွေ့ဆုံခန်းမတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ မိသားစုဝင်များကို နိုင်ငံတော်အကြီးအကဲမှ တွေ့ဆုံမည့်နေရာ ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ ဝန်ကြီးချုပ်က အာဇာနည်ဗိမာန်သို့ သွားရာလမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ဘေး၊ ဝဲယာ သန့်ရှင်းသပ်ရပ်မှုရှိရေးဆောင်ရွက်ရန် မှာကြားကာ ဗိမာန်တွင် လွမ်းသူပန်းခွေချ အလေးပြုအခမ်းအနားနှင့် နေရာယူမှုပုံစံ ကြိုတင်လေ့ကျင့်နေမှု၊ အာဇာနည်ပုဂ္ဂိုလ်ကြီးများကို လာရောက်ဂါဝရပြုမည့် ပြည်သူများ ဝင်ထွက်သွားလာမည့် ရွှေတိဂုံစေတီတော် မြောက်ဘက်မုဒ်နှင့် M-3 ရှေ့ဂိတ်တွင် ကိုဗစ်စည်းကမ်းနှင့်အညီ (၃)ပေခြား၍ လက်ဆေးဘေစင်များနှင့် စစ်ဆေးရေးဂိတ်များ ပြင်ဆင်ထားရှိမှုများ ကြည့်ရှုစစ်ဆေးပြီး အာဇာနည်ဗိမာန်ပေါ်နှင့် အာဇာနည်ကုန်းအတွင်းရှိ ပတ်ဝန်ကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး တာဝန်ရှိသူများအား မှာကြားသည်။


ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်‌နောက်ဆုံးစီးခဲ့သည့် မော်တော်ကားပြသထားရှိမှု၊ ပြတိုက်ပတ်လမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိ‌ရေး ဆောင်ရွက်ထားရှိမှုများ၊ ရေကန်အတွင်းမှ အမှိုက်များ ဆယ်ယူရှင်းလင်းထားရှိမှု၊ အပေါ်ထပ်ပြတိုက်အတွင်း ငယ်ဘဝမှ၊ တပ်မတော်ခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင်ဘဝအထိ ပြသထားရှိမှု၊ ဆက်လက်၍ အပေါ်ထပ်ရှိ အိပ်ခန်း၊ စာဖတ်ခန်း၊ မိသားစုဓါတ်ပုံများ၊ ကလေးများအိပ်ခန်းနှင့် ပြတိုက်အတွင်းပြသထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)

No comments

Powered by Blogger.