ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆင်သေချောင်းတံတား (ကျောက်ချက်) တိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းဘေး ဝဲ/ယာ တစ်လျှောက် သစ်ပင်စိုက်ပျိုးထားမှု ကြည့်ရှုစစ်ဆေး
နေပြည်တော် ဇူလိုင် ၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်- မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၂၃/၁)ရှိ ဆင်သေချောင်းတံတား (ကျောက်ချက်) ၄ လမ်းသွား တံတားသစ် တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းနှင့် ပြည်ထောင်စုလမ်းမကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းဘေးဝဲ/ယာ တစ်လျှောက် သစ်ပင်စိုက်ပျိုးထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၆)မှ တာဝန်ယူတည်ဆောက် နေသည့် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ဘောဂသီရိ အဝေးပြေးကားဝင်းအနီးရှိ အရှည်ပေ ၂၁၀ ဆင်သေချောင်းတံတား(ကျောက်ချက်) မူလတစ်လမ်းမောင်း သံပေါင်တံတားဟောင်းနေရာတွင် သံကူ ကွန်ကရစ် ၄ လမ်းသွား တံတားအသစ် တိုးချဲ့တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ကြရာ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ခံ အင်ဂျင်နီယာတို့က တံတားဒီဇိုင်း တွက်ချက်ရေး ဆွဲထားရှိမှု၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ ရန်ကုန်-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဘောဂသီရိအဝေးပြေးကားဝင်းနှင့် တံတားအနီးလမ်းဆုံ Junction နေရာတွင် ဆောင်ရွက်မည့် ယာဉ်ကြော များ လျာထားခြင်းတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ချောင်းရေတိုက်စားမှုမဖြစ်စေရေး တွက်ချက်ဆောင်ရွက်ရန်၊ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်စေရေး QC များက စစ်ဆေးပေးရန်၊ မိုးတွင်းကာလ မတိုင်မီ ပိုင်တိုင်ရိုက်ခြင်းနှင့် Pier လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်သုံး စက်ယန္တရားများ စနစ်တကျသုံးစွဲစေရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက် ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း Bored Pile လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ၊ PR1 နှင့် PR2 တို့တွင် Pile Cap ၊ Shaft နှင့် Cross Beam လုပ်ငန်းများ ဆောင်ရွက်နေမှု ၊ A1 နှင့် A2 တို့တွင် Abutment လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခင်(၄) လမ်းသွားအဆင့်မှ (၆)လမ်းသွားအဆင့် လမ်းတာပေါင် တိုးချဲ့ထားရှိသည့် လမ်းကြောင်းတစ်လျှောက် လမ်းဘေး ဝဲ/ယာတို့တွင် ယခင်နှစ်များ၌ စိုက်ပျိုးထားရှိပြီးသောအပင်များ ရှင်သန်ဖြစ်ထွန်းမှု၊ ပျက်စီးသွား သောအပင်များကို အစားထိုး စိုက်ပျိုး ထားရှိမှုနှင့် ယခုနှစ်မိုးဦးကာလတွင် လမ်းဘေး ဝဲ/ယာ တစ်လျှောက် အပင်များ ထပ်မံစိုက်ပျိုးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီ လိုအပ်သညများကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments