လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ်(၂/၂၀၂၃) သင်တန်း ဖွင့်လှစ်



နေပြည်တော် ဇူလိုင်    ၃


မသန်စွမ်းလူငယ်များ၏ ဘဝမြှင့်တင်နိုင်စေရေးအတွက် အိမ်တွင်းအသေးစား တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရင်းဖြင့် ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းအမှတ်စဉ် (၂/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်၍ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အသက်(၁၅)နှစ်မှ (၃၅)နှစ်အတွင်းရှိ သန်စွမ်းသူလူငယ်များနှင့် မသန်စွမ်းသူ လူငယ်များ၏ လူငယ်ဆိုင်ရာ ကဏ္ဍများအတွက် ပိုမိုဖြည့်ဆည်းမြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် ရည်မှန်းချက် ထားရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။


ယခုသင်တန်းတွင် ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ Hand Gel၊ ဆပ်ပြာတုံး၊ ဆပ်ပြာရည်ပြု လုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းလူငယ်များ အနေဖြင့်လည်း အရင်းအနှီး နည်းနည်းဖြင့် အိုးမကွာအိမ်မကွာ တစ်နိုင်တစ်ပိုင်စီးပွားဖြစ် လုပ်ကိုင်နိုင်ပြီး မိသားစုဝင်ငွေ ရရှိရေးအတွက် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများသည် မိမိတို့၏ အားနည်းချက်များအပေါ်တွင် အကောင်းဆုံး စွမ်းဆောင်နိုင်သူများဖြစ်ကြောင်း၊ အခြေခံ ယုံကြည်ချက် ထားရှိပြီး ကြိုးစားလေ့လာ သင်ယူသွားကြရန် တိုက်တွန်းလိုကြောင်း။


မသန်စွမ်း လူငယ်များနှင့်ပတ်သက်ပြီး ရေရှည်တွင် ပိုမိုအကျိုးရှိစေမည့် အသက်မွေးဝမ်း ကြောင်း အတတ် ပညာအဖြစ် ဆပ်ပြာထုတ်လုပ်မှု သင်တန်းများသာမက အခြားလက်မှု အတတ်ပညာများဖြစ်သည့် ဆိုင်ကယ်ပြင်သင်တန်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းမှုသင်တန်း၊ စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာပေး သင်တန်း စသည့်သင်တန်းများကို တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးတွင် သင်ကြားပေးနိုင်ရန် ဆက်လက် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ လူသုံးကုန်ပစ္စည်း သင်တန်းနှင့် ဆိုင်ကယ်ပြင်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းအတွက် မသန်စွမ်းလူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝင်ငွေတိုးပွားလာစေရန် များစွာအထောက် အကူပြုမည်ဖြစ်ကြောင်းနှင့် အားကစားနှင့် လူငယ်ရေးဝန်ကြီးဌာနကို မသန်စွမ်းလူငယ်များကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြား သည်။


လူသုံးကုန် ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ကို ဇူလိုင် ၃ ရက်မှ (၇)ရက်အထိ ပေါင်းလောင်းအားကစားခန်းမ၌ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 (သတင်းစဉ်)  

No comments

Powered by Blogger.