အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၇)ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပ
နေပြည်တော် ဇူလိုင် ၄
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEAN Supreme Audit Institutions: ASEANSAI)၏ (၇) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေး (7th Senior Officials’ Meeting)ကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပသည်။
ဦးစွာ ASEANSAI အဖွဲ့ဝင်(၁၀)နိုင်ငံ၏ အထင်ကရနေရာများ ပါဝင်သည့် ဗွီဒီယိုနှင့် ASEANSAI သီချင်းတို့ကိုပြသ၍ အစည်းအဝေးကို ဖွင့်လှစ်ပြီး ASEANSAI အတွင်းရေးမှူးချုပ် Mr. Bahtiar Arif က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အစည်းအဝေးသို့ ASEANSAI အတွင်းရေးမှူးချုပ်ရုံးနှင့် ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ ခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ထို့နောက် ASEANSAI ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားရာတွင် ကမ္ဘာနှင့်အဝန်း ဖြစ်ပွားခဲ့သည့် ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ASEANSAI အစည်းအဝေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲများကို Virtual စနစ်ဖြင့် ဆောင်ရွက်ခဲ့ရပြီး လုပ်ငန်းဆောင်ရွက်မှုအချို့တွင် နှောင့်နှေးခြင်းများ ရှိခဲ့သော် လည်း အဖွဲ့ဝင်နိုင်ငံအားလုံး အကောင်းဆုံး ဝိုင်းဝန်းကြိုးစား ဖြေရှင်းဆောင်ရွက်ခဲ့မှုများ အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သည့် ကာလ အတွင်း ASEANSAI အနေဖြင့် အာဆီယံနိုင်ငံများအတွင်း SAI လွတ်လပ်မှုဆိုင်ရာ ပူးပေါင်းသုတေသန ဆောင်ရွက်မှုအတွက် အသိပညာ အလုပ်ရုံဆွေးနွေးပွဲ၊ စာရင်းစစ် ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်းအဝေးများ၊ ၅ ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးနှင့် အသိပညာမျှဝေရေး ကော်မတီအစည်း အဝေးများ ကျင်းပဆောင်ရွက်နိုင်ခဲ့မှုများသည် အဖွဲ့ဝင်နိုင်ငံများနှင့် လုပ်ငန်း ကော်မတီ အသီးသီးတို့၏ ကြိုးပမ်းအားထုတ်မှု ရလဒ်များပင်ဖြစ်ပါကြောင်း၊ SAI Myanmar အနေဖြင့် ASEANSAI ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် မိသားစုဝင်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှု အသီးအပွင့်များကိုလည်း အတူတကွ ရရှိခံစားခဲ့ရပါ ကြောင်း၊ ရှေ့ကာလများတွင်လည်း ထိရောက်အောင်မြင်သည့် ASEANSAI အဖွဲ့အစည်း တစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရေး အဖွဲ့ဝင်နိုင်ငံများ အားလုံးနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ASEANSAI စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြင်ဆင်ရန်အချက်များ၊ ကော်မတီအသီးသီး၏ ၂၀၂၄ -၂၀၂၅ လုပ်ငန်းအစီအစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်း ဆိုင်ရာများ၊ ASEANSAI နှင့် ဆွီဒင်နိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့ လက်မှတ်ရေးထိုးမည့် နားလည်မှုစာချွန်လွှာ (မူကြမ်း)တို့ကို ASEANSAI အတွင်းရေးမှူးချုပ်နှင့် ကော်မတီ အသီးသီးမှ ကိုယ်စားလှယ်များက ရှင်းလင်းတင်ပြကြပြီး အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၇)ကြိမ် မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဒုတိယနေ့ကို ဇူလိုင် ၅ ရက် နံနက် ပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ASEANSAI အတွင်းရေးမှူးချုပ် သက်တမ်းတိုးခန့်အပ်ခြင်း၊ (၇) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကျင်းပမည့် အစီအစဉ်(မူကြမ်း) နှင့် ၂၀၂၄ ခုနှစ်၊ ၂၀၂၅ ခုနှစ်များအတွက် လုပ်ငန်းကော်မတီဥက္ကဋ္ဌများ ခန့်အပ်ခြင်း တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ASEANSAI ဥက္ကဋ္ဌတာဝန် လွှဲပြောင်းနိုင်ရေးအတွက် ကျင်းပသည့် အကြိုအစည်းအဝေး ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၇)ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးများကို ဇူလိုင် ၃ ရက်ကလည်း Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း နှင့် အစည်းအဝေးသို့ ASEANSAI အတွင်းရေးမှူးချုပ်ရုံးနှင့် ASEANSAI အဖွဲ့ဝင်နိုင်ငံ များမှ အဆင့်မြင့်အရာရှိကြီးများ ခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်
No comments