ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်စေလွှတ်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် ဆိုင်ရာ လမ်းညွှန်သင်တန်းဖွင့်လှစ်
ရန်ကုန် ဇူလိုင် ၄
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်စေလွှတ်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ် အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်မည့် လုပ်သားများကို ထိုင်းနိုင်ငံ၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ လုပ်ငန်းခွင်တွင် လုပ်ကိုင်ဆောင်ရွက်ရာ၌ ဥပဒေပါ သိသင့်သိထိုက်သည့် အခြေခံအချက်များနှင့် ဆောင်ရန်/ ရှောင်ရန် အချက်များကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ် ပို့ချခြင်းဖြစ်ပါကြောင်း၊ မြန်မာအလုပ်သမားများ၏ လုပ်ခလစာများ တရားဝင်ငွေလွှဲခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များကိုပါ ထည့်သွင်းပို့ချသွားမည်ဖြစ်ပါကြောင်း။
လုပ်သားများအနေဖြင့် မိမိအားတာဝန်ယူစေလွှတ်သည့် ပြည်ပအလုပ်အကိုင် အေဂျင်စီ၏ အမည်နှင့်ဖုန်းနံပါတ်များ၊ သွားရောက်လုပ်ကိုင်မည့် စက်ရုံအမည်၊ လိပ်စာ၊ အလုပ်သမား သံအရာရှိများ၏ ဖုန်းနံပါတ်များ၊ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူများ၏ အမည်၊ ဖုန်းနံပါတ်များကို သိရှိအောင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ပြည်ပလုပ်ငန်း ခွင်သို့ ရောက်ရှိပြီး လုပ်ခလစာရရှိပါက မိသားစုလွှဲပို့ငွေများ ပုံမှန်လွှဲပို့နိုင်ရေး ကြိုးစား ဆောင်ရွက်ရန်လိုအပ်ပြီး တရားဝင်လွှဲပို့နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အတွင်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ စည်းကမ်းရှိစွာ နေထိုင်လုပ်ကိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးနေသည့်ရုံးများနှင့် အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီ (POEA) ရုံးများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ထမ်းဆောင်နေ သည့် ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး HRD-Korea မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံကာ EPS စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်းလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။
အဆိုပါ ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်မှုသင်တန်းကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) မပြုလုပ်မီ ၁ ရက်ကြိုတင်ခေါ်ယူ၍ တစ်ရက်လျှင် ၄ ကြိမ်၊ တစ်ကြိမ်လျှင် အလုပ်သမားခန့်မှန်း ၂၀၀ ဦးစီဖြင့် ၂ နာရီကြာ သင်တန်းကို ဇူလိုင် ၄ ရက်မှ စတင်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)သို့ ရောက်ရှိပြီး ဆေးရုံအစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံ အုပ်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန် ဆောင်မှုများ ကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိက လိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ပေးအပ်နိုင် ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးရန် မှာကြားပြီး လုပ်ငန်းလိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအား ဆေးဝါးကုသ ပေးနေမှုကို ကြည့်ရှုအား ပေးပြီး အတွင်းလူနာကုသဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။
သတင်းစဉ်
No comments