ရန်ကုန် ဇူလိုင် ၄
ငါး/ပုစွန်များ ဈေးနှုန်းတည်ငြိမ်မှုအတွက် အစာတောင့်ဈေးနှုန်းသည် အရေးပါလျက်ရှိပြီး အစာတောင့်ဈေးနှုန်း တည်ငြိမ်ပါက စားသုံးသူတို့ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
မိုခါမုန်တိုင်းမတိုက်ခတ်မီ ကြိုတင်သတိပေးမှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ ငါး/ပုစွန်မွေးကန်များ ထိခိုက်မှုမရှိခဲ့ဘဲ ငါးကန်ပိုင်ရှင်များအနေဖြင့် ငါး/ပုစွန်များကို ကြိုတင်ဖမ်းဆီးထုတ်လုပ်၍ ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးနှင့် ရွှေပိတောက်ငါးဈေးသို့ တင်ပို့ခဲ့ကြရာ ဈေးကွက်အတွင်း တစ်ပတ်ခန့် ရေထွက်ကုန်ဈေးနှုန်းကျဆင်းခဲ့၍ စားသုံးသူများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ခဲ့ကြကြောင်း သိရသည်။
“ငါး/ပုစွန် မွေးမြူရေးမှာ ဖွဲနုအစာဟာအဓိကပါ။ မိုခါမုန်တိုင်းအလွန်ကာလဆိုရင် ဖွဲနုဝယ်လို့မရတဲ့သဘော ရှိသွားတယ်။ တစ်နိုင်ငံလုံး စပါးစိုက်ဧကနဲ့ ကြည့်လိုက်ရင် မွေးမြူနေတဲ့ငါးကန်နဲ့ ထွက်ရှိတဲ့ဖွဲလုံလောက်မှု အနေအထားမရှိဘူးလို့ တွက်ဆပါတယ်။ ငါး/ ပုစွန်အတွက် ဖွဲနုအစားဘာကို အစားထိုးနိုင်မလဲဆိုတာ သုတေသနလုပ်ရမယ့်ဟာ မျိုးလေးတွေရှိလာတယ်။ အစားထိုးနိုင်တာ ကိုယ့်နိုင်ငံမှာ ဘာရှိနေလဲ။ ဖွဲမပါဘဲ အစာထုတ်လို့ရမယ့် နည်းလမ်းတွေ့မယ်ဆိုရင် ပိုကောင်းပါတယ်။ ငါး/ပုစွန်မွေးမြူ ထုတ်လုပ်သူတွေ ရေရှည်ဘယ်လို ရပ်တည်နိုင်မလဲဆိုတာ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ အမြဲတမ်း စဉ်းစားဆောင်ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယ ဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
ရန်ကုန်မြို့မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရွှေပိတောက်ငါးဈေးနှင့် စံပြငါးဈေးတို့မှ ရေထွက်ကုန်များကို နေ့စဉ်တင်ပို့ဖြန့်ချိလျက်ရှိရာ ယနေ့တွင် ငါးမြစ်ချင်း တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ မှ ၆၅၀၀၊ ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၁၀၅၀၀ မှ ၁၂၀၀၀၊ ငါးခေါင်းပွ တစ်ပိဿာလျှင် ငွေကျပ် ၆၃၀၀ မှ ၇၅၀၀၊ ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၃၈၀၀ မှ ၄၃၀၀၊ ငါးမုတ်တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ မှ ၄၈၀၀၊ ရေချိုပုစွန် တစ်ကျပ်သား/နှစ်ကျပ်သားဆိုဒ် တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀၀ မှ ၃၀၀၀၀၊ သုံးကျပ်သား/ ရှစ်ကျပ်သားဆိုဒ် တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀၀ မှ ၃၆၀၀၀၊ ရှစ်ကျပ်သားဆိုဒ် ပုစွန်တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀၀၊ ၆၃၀၀၀၊ တစ်ဆယ့်ငါးကျပ်သားဆိုဒ် တစ်ပိဿာလျှင် ငွေကျပ် ၇၃၀၀၀ ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။
အခြေခံစားသုံးကုန်ဖြစ်သော ရေထွက်ကုန်များ ဈေးနှုန်းတည်ငြိမ်စွာ စားသုံးနိုင်မှုသည် မွေးမြူထုတ်လုပ်မှုအပေါ် မူတည်လျက်ရှိပြီး ငါး/ပုစွန်သား ပေါက်ဈေးနှုန်းနှင့် အစာဈေးနှုန်းသက်သာပါက မွေးမြူပြီး ၆ လ၊ ၁ နှစ်အကြာ ကန်ဖော်၍ ဈေးကွက်သို့ တင်ပို့ရာ၌ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း မွေးမြူရေးတောင်သူတို့က မှတ်ချက်ပြုလျက်ရှိသည်။
“ငါး/ပုစွန် ဈေးနှုန်းကျဆင်းဖို့ဆိုရင် အစာတောင့်ကို ဈေးနှုန်းသက်သာစွာ ထုတ်ပေးနိုင်ဖို့လိုမယ်။ ငါးသားပေါက်နဲ့ နည်းပညာပေးပြီး အစာတောင့်ထုတ်ပေးတာ၊ လုပ်ငန်းအတွက် ကုန်ကျစရိတ်ထုတ်ချေးပေးတာ အဲဒါဆိုရင် ရေချိုထွက်ကုန် တည်ငြိမ်သွားနိုင်မယ်။ အဓိကအစာတောင့်ကဏ္ဍကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းအားဖြင့် ရေထွက်ကုန် မွေးမြူထုတ်လုပ်မှုကဏ္ဍဟာ အရှိန်မပြတ်ရှိနေမှာပါ” ဟု ရွှေပိတောက်ငါးဈေးမှ ဈေးသာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျင်စောက ပြောသည်။
နိုင်ငံတစ်ဝန်း၌ ငါးမွေးကန်ဧက ၂ သိန်းကျော်၊ ပုစွန်မွေးကန် ဧက ၁ သိန်းကျော်ဖြင့် စုစုပေါင်း ဧက ၃ သိန်း ၅ သောင်းခန့်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါး/ပုစွန် မွေးကန်ဧက ၈ သောင်းခန့်ရှိ၍ တွံတေးမြို့နယ်၌ ငါး/ပုစွန်များကို အများဆုံးမွေးမြူထားကြောင်း သိရသည်။
ဓာတ်ပုံ- ကနူး
ညိမ်းသူ(သတင်းစဉ်)
No comments