လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေးသင်တန်း ဖွင့်လှစ်
နေပြည်တော် ဇူလိုင် ၅
လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က လူမှုရေးကဏ္ဍသည် အလွန်အရေးကြီးသကဲ့သို့ နက်နဲခက်ခဲ သည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ လူမှုရေးကိစ္စများကို ဆောင်ရွက်နေသူများသည် လူမှုရေး ဆိုင်ရာ နည်းပညာရပ်များကို ကျွမ်းကျင်ရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သောပေါင်းသင်း ဆက်ဆံရေး ရှိရန် လိုအပ်သည့်အပြင် လုပ်ဖော်ကိုင်ဖက် အချင်းချင်းအပေါ်တွင်လည်း မေတ္တာ တရားအရင်းခံပြီး ဖေးမကူညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့် တိုက်ရိုက် ထိတွေ့ရသည့်အတွက် လူမှုရေးနယ်ပယ်အတွင်း တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပြောဆိုသည့်အခါတွင် လိုက်နာ စောင့်ထိန်း ရမည့် ကျင့်ဝတ်နှင့် စည်းကမ်းတို့ကို သိရှိနားလည်ရန် လိုအပ်ကြောင်း၊ လူမှုရေးပညာ ရပ်၏ အဓိက အနှစ်သာရဖြစ်သည့် လူမှုဝန်ထမ်းသမားတစ်ဦး အနေဖြင့် မိမိကိုယ်တိုင် ခံယူချက်တို့ကို ပြောင်းလဲ နိုင်မှသာ မိမိတို့ဝန်ဆောင်မှုပေးရသူ(Client)အတွက် ပြန်လည်ထူထောင် ရေးဆိုင်ရာ ဝန်ဆောင်မှု ကောင်းတို့ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်မည့် ဝန်ထမ်းများ အနေဖြင့် ယခုသင်တန်းမှ လေ့လာသိရှိရသည့် အသိပညာ၊ အတတ်ပညာများကို ပြည်သူလူထု အတွက် ဝန်ဆောင်မှုပေးနိုင်ရန်အပြင် ဝန်ထမ်းအချင်းချင်း ပိုမို ချစ်ခင်ရင်းနှီးစွာ လက်တွဲ၍ အားလုံး အတွက် သာယာပျော်ရွှင်ဖွယ်ကောင်းသည့် လုပ်ငန်းခွင်ကို ဖန်တီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေး သင်တန်းတွင် လူမှုရေးဆိုင်ရာ တန်ဖိုးနှင့်စံနှုန်းများ၊ လူမှုရေးဆိုင်ရာ ကျင့်ဝတ်တရား၊ ကျား/မ တန်းတူညီမျှရေးဆိုင်ရာ လူမှုရေး စံနှုန်းများ၊ လူ့တန်ဖိုး၊ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းမျဉ်းများ၊ ထိရောက်မှုရှိသော ပူးပေါင်းဆောင်ရွက်မှု နှင့်စပ်လျဉ်းသည့် သင်ခန်းစာတို့ကို ဘာသာရပ်ဆိုင်ရာ ပုဂ္ဂိုလ်များက ဇူလိုင် ၅ ရက်မှ ၆ ရက်အထိ ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)
No comments