“ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး” ခေါင်းစဉ်ဖြင့်(၂၃) ကြိမ်မြောက် လစဉ် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ



နေပြည်တော်၊ ဇူလိုင် ၅


လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုး‌ရေးကွင်းဆက် တစ်လျှောက်ရှိ သက်ဆိုင်သူများအားလုံး ကြုံတွေ့နေကြရသည့် နည်းပညာလိုအပ်ချက်များနှင့် အခက်အခဲများကို ဝိုင်းဝန်း ဆွေးနွေးအဖြေရှာရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် လစဉ် ကျင်းပလျက်ရှိသည့် ဗုဒ္ဓဟူးနေ့ စကားဝိုင်းကို ယနေ့ တွင် (၂၃) ကြိမ်မြောက်အဖြစ်ကျင်းပခဲ့ပြီး “ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။  


အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်များနှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။


(၂၃) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဘေးကင်း လုံခြုံမှုရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပြည်သူများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် မြေယာပြုပြင်သည်မှ ပျိုးထောင်စိုက်ပျိုးပြုစုခြင်းလုပ်ငန်းများ၊ ပြုပြင်ထုပ်ပိုး ရောင်းချခြင်းလုပ်ငန်းများ စသည့် လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များကို သက်ဆိုင်သူအားလုံးနှင့် စားသုံးသူလုပ်သား ပြည်သူအားလုံး လိုက်နာဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို မီဒီယာအမျိုးမျိုးဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုကဲ့သို့ စကားဝိုင်းဆွေးနွေးပွဲများတွင် ဆွေးနွေးဖော်ထုတ်ရရှိလာ သည့် အချက်အလက်များကို စနစ်တကျ စုစည်းပြီး လက်တွေ့လုပ်ငန်းခွင်များအတွက် အထောက်အပံ့ ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ ကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန တို့မှတာဝန်ရှိသူများက ရာသီအလိုက် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ခြင်းနည်းပညာများ ဆောင်ရွက်ထားရှိမှု၊ အစားအစာများထုတ်လုပ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ဆောင်ရွက်ခြင်း၊ ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP)စနစ်ဖြင့် တောင်သူများ လိုက်နာကျင့်သုံးမှု၊ ဟင်းသီးဟင်းရွက်များစိုက်ပျိုးရာတွင် ဓာတုသွင်းအားစုများ စနစ်တကျသုံးစွဲ နည်းစနစ်များကို တောင်သူများ လိုက်နာကျင့်သုံးမှု၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရန် ဈေးကွက်သို့မတင်ပို့မီ သီးနှံများကို ဓာတုဓာတ်ကြွင်းပါဝင်မှု စစ်ဆေးခြင်းလုပ်ငန်းများ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် သီးနှံများ စိုက်ပျိုးထုတ်လုပ်သည်မှ စားသုံးသူ လက်ဝယ်ရောက်ရှိသည်အထိ ကွင်းဆက်အဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြကြပြီး အခမ်းအနားသို့တက်ရောက်လာကြသူများက သိရှိလိုသည်များမေးမြန်း ဆွေးနွေးခြင်း၊ အကြံပြုတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်မှူးနှင့် အဖွဲ့အား ဂုဏ်ပြုဆုပေးအပ်ပြီး  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

No comments

Powered by Blogger.