နိုင်ငံ့အကျိုးပြုစေရေး အရည်အသွေးပြည့်မီသော သက်မွေးပညာရှင်များ မွေးထုတ်ပေး



နေပြည်တော်   ဇူလိုင်   


သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက အင်းစိန်မြို့နယ်ရှိ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဂျပန် - မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း ကွပ်ကဲမှုအောက်ရှိ ရတနာဂဟေဆက် နည်းပညာ သင်တန်းကျောင်းကို သွား ရောက်  ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်းတာဝန်ခံက ကျောင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြပြီး ကွန်ပျူတာအခြေပြု Welding Simulator များ အသုံးပြု၍ လေ့ကျင့်သင်ကြား ပေးနေမှုများ၊ အလုပ်ရုံများတွင် Arc Welding Training Course ၊ Gas Metal  Arc Welding Training Course နှင့် Pipe  Welding Training Course များကို လေ့ကျင့်သင်ကြားပေးနေမှုများနှင့် အခြားလက်တွေ့ သင်ကြားပေးနေမှုများကို ရှင်းလင်းတင်ပြသည်။


တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စား စီပွားရေးလုပ်ငန်း (MSME) များဆိုင်ရာ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားရန်၊ လူငယ်များ အလုပ် အကိုင် အခွင့်အလမ်းရရှိရေးနှင့် လူတစ်ဦးချင်းဝင်ငွေ မြင့်မားရေးအတွက် အခရာကျသည့် သက်မွေးပညာရပ်ဖြစ်သဖြင့် လုပ်ငန်းခွင်နှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းဖြစ်ရန်နှင့် သတ်မှတ်စံနှုန်းများအတိုင်း ကျွမ်းကျင်မှု စစ်ဆေးခြင်းများကို တိတိကျကျ လိုက်နာ ဆောင်ရွက်သွားရန်၊ အရည်အသွေး တိုးမြှင့်ခြင်းဆိုင်ရာ သင်တန်းများကို ပုံမှန်ဖွင့်လှစ် ဆောင်ရွက်သွားရန်၊ သင်တန်းဆင်းများကို NSSA (National Skill Standard Authority) လက်မှတ်ရရှိရေးနှင့်  On The Job Training တက်ရောက်ရေး ဆောင်ရွက်ပေးသွားရန်၊  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မလိုလားအပ်သော ထိခိုက်မှုများ မဖြစ်ပေါ်စေ‌ရေး သတ်မှတ် Guidelines များအတိုင်း အစဉ်တစိုက် ဆောင်ရွက်သွားရန်နှင့် အလုပ်ရုံများနှင့် သင်ထောက်ကူပစ္စည်းများကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

(သတင်းစဉ်)

No comments

Powered by Blogger.