အာဆီယံ−ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အကောက်ခွန်နှုန်းထားနှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ ဒေသတွင်းအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
နေပြည်တော် ဇူလိုင် ၃
ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များ ပါဝင်သော အာဆီယံ−ဟောင်ကောင် (တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အကောက်ခွန်နှုန်းထားနှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တက်ရောက်၍ ဆွေးနွေးပြောကြားရာတွင် အာဆီယံ−ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှု ဒေသ၏ ပင်ရင်းထုတ်ကုန်များအတွက် အကောက်ခွန်သက်သာခွင့်ကို ကမ္ဘောဒီးယား၊ လာအို နှင့်မြန်မာ နိုင်ငံတို့မှ အရာထမ်းများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကျိုးရှိစွာ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါကြောင်း၊ အာဆီယံ−ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသသည် စာချုပ်ဝင် နိုင်ငံများအတွက် အဓိက မှတ်တိုင်တစ်ရပ်ဖြစ်ပါကြောင်း၊ အာဆီယံ−ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ်သည် ကုန်စည်ကုန်သွယ်ရေးတွင် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများအတွက်ပါ အကျိုးရှိစေပါကြောင်း။
အာဆီယံ−ဟောင်ကောင်(တရုတ်) လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်အရ ကျင့်သုံးသည့် အကောက်ခွန်နှုန်းထားနှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းတို့ကို နားလည်သဘောပေါက်ခြင်းဖြင့် သဘောတူ စာချုပ်အရ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းအခွင့် အရေးကိုရယူ၍ သက်ဆိုင်ရာအရာထမ်းများနှင့် ပုဂ္ဂလိကကဏ္ဍအနေဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲမှ အာဆီယံ−ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်ကို ထိရောက်အကျိုးရှိစွာ အကောင်အထည်ဖော် အသုံးချသွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံ−ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ ပင်ရင်းနိုင်ငံ စည်းမျဉ်းဆပ်ကော်မတီ၏ ပူးတွဲသဘာပတိ Mr.Gusmiadi-rrahman ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ စီမံကိန်းတာဝန်ရှိသူ Mr. Kris Shandi Soekatawi ၊ ဆွေးနွေးပို့ချမည့် ဗီယက်နမ်နိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ဇူလိုင် ၃ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments