ရန်ကုန်စတော့အိပ်ချိန်းတွင် Myanmar Agro Exchange Public Co., Ltd. အား စာရင်းဝင်ကုမ္ပဏီအဖြစ် လက်ခံခြင်း အခမ်းအနား ကျင်းပ
ရန်ကုန် ဇူလိုင် ၃
မြန်မာအက်ဂရိုအိပ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (Myanmar Agro Exchange Public Co., Ltd.)ကို ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် လက်ခံသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ရန်ကုန် စတော့အိပ်ချိန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်၍ မြန်မာနိုင်ငံ၌ အရင်းအနှီးဈေးကွက် စတင်တည်ထောင်ချိန်မှ (၈)နှစ်တာကာလအတွင်း ရန်ကုန်စတော့အိပ်ချိန်းတွင် ယနေ့စာရင်းဝင်သည့် မြန်မာအက်ဂရိုအိပ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(MAEX) အပါအဝင် စာရင်းဝင်ကုမ္ပဏီ (၈)ခု၏ ရှယ်ယာများကို ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများကတစ်ဆင့် အရောင်းအဝယ်များ ပြုလုပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်မားလာစေရန် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးသည် အလွန်အရေးပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းကြီးများက လုပ်ငန်း ဆောင်ရွက်ကြရာတွင် ကာလရှည်ငွေကြေး အရင်းအနှီးသည် မရှိမဖြစ် လိုအပ်သဖြင့် လိုအပ် လျက်ရှိသည့် ကာလရှည်ငွေကြေး အရင်းအနှီးများကို အရင်းအနှီး စျေးကွက်မှတစ်ဆင့် အစုရှယ်ယာများ ထုတ်ဝေ ရောင်းချခြင်း၊ ငွေချေးစာချုပ်များ ထုတ်ဝေရောင်းချခြင်းတို့ဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း။
တစ်ဖက်တွင်လည်း အစုရှယ်ယာများ ဝယ်ယူရင်းနှီးမြှုပ်နှံကြသော အများပြည်သူများအနေဖြင့် ကုမ္ပဏီက ခွဲဝေပေးသည့် အမြတ်ဝေစုများ ရရှိနိုင်ခြင်း၊ ကုမ္ပဏီစီမံခန့်ခွဲမှုအဖွဲ့တွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ အရင်းအနှီး စျေးကွက်တွင် ရောင်းဝယ်ခြင်းမှတစ်ဆင့် ငွေဖြစ်လွယ်မှုဖြစ်ပေါ်စေခြင်းနှင့် ရှယ်ယာများ ပြန်လည်ရောင်းချ ခြင်းမှ အမြတ်အစွန်းများရရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ(၂၇၀)ကျော်ရှိပြီး ရှယ်ယာရှင်(၁၀၀)နှင့်အထက်ရှိသည့် အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီ(၄၆)ခု ရှိကြောင်းသိရှိရပြီး၊ ယင်းကုမ္ပဏီများအား ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်း ဝင်ကုမ္ပဏီများ ဖြစ်လာစေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းခဲ့ရသော စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်ရန် သင့်လျော်သော ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမြှင့်တင်လျက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်၍ အထူးကြိုးပမ်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ထူထောင်၍ အစီအမံများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်စတော့အိပ်ချိန်း မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းနိုင်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာအက်ဂရိုအိပ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးဝင်းအောင်က ကုမ္ပဏီ၏လုပ်ငန်းများနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်စတော့အိပ်ချိန်းက မြန်မာအက်ဂရိုအိပ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးဝင်းအောင်ထံ စာရင်းဝင်အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်သည်။
ဆက်လက်၍ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ ရန်ကုန်စတော့အိပ်ချိန်း အုပ်ချုပ်မှုဒါရိုက်တာနှင့် မြန်မာအက်ဂရိုအိပ်ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ ဥက္ကဋ္ဌတို့သည် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ခြင်းအထိမ်းအမှတ် အောင်ဇေယျတု ခေါင်းလောင်းကို တီးခတ်ကြသည်။
ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများကို နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ ၄၅၃၀၃ ဦးရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင်ကုမ္ပဏီ (၇)ခု၏ ရှယ်ယာစုစုပေါင်း ၁ ဒသမ ၇၇ သန်း တန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးငွေကျပ် ၆၄၃ ဒသမ ၄၇ ဘီလီယံရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments