ကျောင်းသား လူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်ကျင်းပ
နေပြည်တော် ဇူလိုင် ၅
ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင် တက်ရောက်၍ အဂတိလိုက်စားမှုကို လူငယ်များအနေဖြင့် တိုက်ဖျက်ရန် ပထမဦးစွာ ဖြောင့်မတ်တည်ကြည်မှုကို ဦးစွာ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုသည် တိုက်ရိုက် ဆက်နွယ်နေသည့်အတွက် ဖြောင့်မတ်တည်ကြည်မှု မြင့်မားလာပါက အဂတိလိုက်စားမှုလည်း လျော့နည်းကျဆင်းသွားနိုင်ပါကြောင်း။
ထို့ကြောင့် မျိုးဆက်သစ်လူငယ်များကို ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက် အဝန်း ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ် လာရန် လူငယ်တို့၏ ပညာရေးကဏ္ဍဖြစ်သည့် စာသင်ကျောင်းများကနေ စတင်ရပါကြောင်း၊ ဖြောင့်မတ် တည်ကြည်မှုရှိသည့်အပြုအမူ၊ စဉ်းစားတွေးခေါ်မှုနှင့် ကျင့်ဝတ်လိုက်နာမှုများကို ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရန်လိုကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လူငယ် စကားဝိုင်းများကို ယခုစာသင်နှစ် ဇွန်လမှစတင်ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာများကို သိရှိနားလည်ပြီးပါက ရရှိလာသည့် အသိပညာဗဟုသုတများကို မျှဝေပေးစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက အမှတ်(၁၈) ဒက္ခိဏသီရိ ကျောင်းအုပ်ကြီးထံ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအလယ်တန်းအဆင့် (ဆရာကိုင်)စာအုပ်၊ ကော်မရှင်မှပြု စုထုတ်ဝေခဲ့သည့် လက်ကမ်းစာစောင်(၃)မျိုးနှင့် ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။
ယင်းနောက် အသိပညာပေးရေးနှင့် ပြည်သူ့ဆက် ဆံရေးဌာနခွဲမှတာဝန်ရှိသူများက မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများကို ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာအချို့ကို ကောက်နုတ်၍ သင်ကြားပို့ချကြသည်။
“အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အဂတိ လိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်း ဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြား တွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေးပညာပေး (Edutainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာအဆင့် (မူလတန်းနှင့် အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments