ဒုတိယဝန်ကြီး ဦးမြင့်စိုး မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ
နေပြည်တော် ဧပြီ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ပဲ့ကန်ကျေးရွာအုပ်စုအတွင်း ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပန်းတိုင် အထွက်နှုန်းရရှိရန် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး၊ သွင်းအားစု၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ကူညီပံ့ပိုးပေးနိုင်ရေး၊ ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၈) အထည်စက်ရုံ၌ စက်ရုံတာဝန်ခံက စက်ရုံလည်ပတ်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက သမဝါယမစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မည့်ဝါများကို နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်ရုံများ၌ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး စက်ရုံအတွင်း ဝါဂွမ်းမှ ၁/၄၀ ချည် ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြတ်နိုးတန်ဖိုးထားသော ဝန်ထမ်းဘဝမြင့်မားတိုးတက်ရေး ကြိုးစားကြရန် တိုက်တွန်းမှာကြားပြီး ပျော်ဘွယ်မြို့ မန်းရတနာပုဂ္ဂလိကလုပ်ငန်းရှင် ဒေါ်စန်းစန်းလင်း၏ ဝါကြိတ် စက်ရုံလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ကုန်ကြမ်းများရရှိရေး၊ စက်ရုံ စွမ်းအားပြည့်လည်ပတ်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်

No comments