အီရန်နိုင်ငံအလယ်ပိုင်း အက်စ်ဖာဟန်ပြည်နယ်တွင် ပေါက်ကွဲမှုများ ဖြစ်ပွား
တီဟီရန်၊ ဧပြီ ၁၉
အီရန်နိုင်ငံအလယ်ပိုင်း အက်စ်ဖာဟန်ပြည်နယ်တွင်
ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဖားစ် သတင်းအေဂျင်စီက ယနေ့ပြောကြားသည်။
ယင်းပေါက်ကွဲသံများသည် မောင်းသူမဲ့လေယာဉ်
သုံးစင်းအားအီရန်တပ်ဖွဲ့များက ပစ်ချသည့် အသံများဖြစ်သည်ဟု အီရန် မီဒီယာ Mehr သတင်းဌာနက ဖြည့်စွက်ပြောကြားသည်။ အီရန်၏ ဒုံးကျည်နှင့်
ဒရုန်းများဖြင့် တိုက်ခိုက်မှုကို လက်တုံပြန်သည့်အနေဖြင့် အစ္စရေးက တိုက်ခိုက်ရေး အစီအမံများအား
ဆောင်ရွက်မည်ဟု သတိပေးထားသည်။
အီရန်နိုင်ငံ၏ မီဒီယာများက ယခုပစ်ခတ်မှုကြောင့်
ဒေသတွင်း ရှိ နျူကလီးယားနှင့် ဆက်နွှယ်သည့်နေရာများ ပျက်စီးခြင်း မရှိဟု ပြောကြားသည်။
ယခုတိုက်ခိုက်မှုသည် အစ္စရေးက အီရန်ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု
အမေရိကန်တာဝန်ရှိသူများကို ကိုးကားပြီး အမေရိကန် မီဒီယာများက ပြောကြားသည်။
အီရန်၏ နျူကလီးယားစက်ရုံများကို တိုက်ခိုက်ပါက
အစ္စရေး၏ နျူကလီးယားစက်ရုံများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်မည်ဖြစ်ကြောင်း အီရန်တပ်မှူးတစ်ဦးက
ပြောကြားခဲ့သည်။ နိုင်ငံ၏ နျူကလီးယားစက်ရုံ နေရာများကိုကာကွယ်ရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်က
ဆောင်ရွက်နေကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားသည်။ အစ္စရေး၏ယခုကဲ့သို့ တိုက်ခိုက်မှုသည်
အသစ်အဆန်း မဟုတ်ကြောင်းနှင့် လွန်ခဲ့သည့်နှစ်များကတည်းက အစ္စရေးသည် အီရန်၏ နျူကလီးယားလုပ်ငန်းကို
ဖျက်လိုဖျက်ဆီးလုပ်ရပ်များ ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း
၎င်းကထပ်လောင်း ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ

No comments