ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကိုလေ့လာခြင်း
မောင်ရွှေရိုး
နိဒါန်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ (၈) ကြိမ်မြောက်
သမ္မတရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၁၅
ရက်နေ့မှ ၁၇ ရက်နေ့အထိ သုံးရက်အကြာကျင်းပ ပြုလုပ်ခဲ့သည်။ သမ္မတရွေးကောက်ပွဲတွင်ဝင်ရောက်
ယှဉ်ပြိုင်သူ သမ္မတလောင်း လေးဦးရှိပြီး လက်ရှိ သမ္မတ Mr. Putin ၊ Mr. Davankov
(Liberal New People's Party)၊ Mr.
Slutsky (the Liberal Democratic Party of Russia (LDPR))
နှင့် Mr. Kharitonov (the Communist Party) တို့ ဖြစ်ကြပါသည်။ ရွေးကောက်ပွဲတွင် စုစုပေါင်းမဲပေး
ခွင့်ရှိသူ ၁၁၃ သန်းကျော်အတွက် မဲရုံပေါင်း ၃၈၈၇၉၁ ရုံ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ၇၇
ဒသမ ၄၄ ရာခိုင်နှုန်း မဲပေးခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ မဲဆန္ဒရှင် ရှစ်သန်း ကျော်သည်
မဲပေးစက်ဖြင့်လည်းကောင်း၊ ၅ ဒသမ ၁ သန်းကျော်သည် အွန်လိုင်း မဲပေးစနစ်ဖြင့်လည်းကောင်း
မဲပေးခဲ့ကြပြီး ကြိုတင်မဲပေးသူ ၂ ဒသမ ၆ သန်းရှိသည်။ လက်ရှိ သမ္မတပူတင်သည် ထောက်ခံ မဲ
၇၆ သန်းကျော်ဖြင့် အနိုင်ရရှိခဲ့ပြီး မဲပေးသူ
စုစုပေါင်း၏ ၈၇ ဒသမ ၂၉ ရာခိုင်နှုန်းရရှိခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏မြို့တော်မှာ
မော်စကိုမြို့ဖြစ်ပြီး ကမ္ဘာ့သတ္တမမြောက်အကြီးဆုံးမြို့ ဖြစ်သည်။ မော်စကိုမြို့သည်
ရုရှားနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံပညာ၊ ဘာသာရေး၊ ဘဏ္ဍာရေး၊
ပညာရေးနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ဗဟိုချက်မဖြစ်သည်။
ရုရှားဖက်ဒရေးရှင်း နိုင်ငံကို Oblast ၄၆ ခု၊ Republic ၂၂ ခု၊ အုပ်ချုပ်ရေး ဒေသ ကိုးခု၊
Okrugs လေးခု၊ Autonomous Oblast တစ်ခု၊ Federal Cities သုံးခု စုစုပေါင်းပိုင်းခြား
သတ်မှတ်ထားသည့် ဖက်ဒရယ်ဒေသ (Federal
Subjects) ၈၅ ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှရွေးကောက်ပွဲများ၊
ရွေးကောက်ပွဲစနစ်များ
ရုရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ၊
ဖက်ဒရယ် လွှတ်တော်ရွေးကောက်ပွဲများနှင့် ဒေသန္တရ
ရွေးကောက်ပွဲဟူ၍ ရှိပါသည်။ ဖက်ဒရယ်လွှတ်တော် တွင် အထက်လွှတ်တော်(Federal Council) နှင့်
အောက်လွှတ်တော် (State Duma) ဟူ၍ လွှတ်တော် နှစ်ရပ်ရှိကြောင်း တွေ့ရှိရသည်။ သမ္မတရွေးကောက်ပွဲများကို
ခြောက်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကျော့ပြန်စနစ် (Two Round System) ဖြင့် ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။
အထက်လွှတ်တော်ကို လေးနှစ်လျှင်တစ်ကြိမ် ပြုလုပ်ကျင်းပသည်။
တိုက်ရိုက် ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ဘဲ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ဖက်ဒရယ်
ပြည်နယ် ၈၅ ခုတို့မှ ခန့်အပ်တာဝန်ပေးရွေးချယ်သည့် အစိုးရအဖွဲ့ ဝင် တစ်ဦးနှင့် ဥပဒေပြုအဖွဲ့ဝင်
တစ်ဦးစီ ပါဝင်သည့် ကိုယ်စားလှယ်နေရာ ၁၇၀ ရှိပြီး သမ္မတက အထက် လွှတ်တော်ကိုယ်စားလှယ်၏
၁၀ ရာခိုင်နှုန်းဖြစ်သည့် ၁၇ ဦးကို ခန့်အပ်ပိုင်ခွင့်ရှိကြောင်း
တွေ့ရှိရသည်။ အောက်လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ
၄၅၀ ရှိပြီး ရွေးကောက်ပွဲများကို ငါးနှစ်လျှင်တစ်ကြိမ် ပြုလုပ်ကျင်းပသည်။ ကိုယ်စားလှယ်နေရာ ၂၂၅ နေရာအား (Closed List Proportional System) ဖြင့်ရွေးချယ်ပြီး
အနိမ့်ဆုံးရရှိရမည့် မဲအရေအတွက် သတ်မှတ်ချက်မှာ ငါးရာခိုင်နှုန်းဖြစ်သည်။ ကျန် ထက်ဝက် ဖြစ်သည့် ၂၂၅ နေရာအား မဲအများဆုံးရသူ
အနိုင်ယူ (FPTP) စနစ်ဖြင့် ရွေးချယ်ကြောင်း သိရှိ ရသည်။ ဒေသန္တရရွေးကောက်ပွဲများကို
နှစ်စဉ်ကျင်းပပြီး သမ္မတကရွေးကောက်ပွဲများကျင်းပရန်
ဆုံးဖြတ် သတ်မှတ်ခြင်းဖြစ်သည်။ မြို့တော်ဝန်
ရွေးကောက်တင်မြှောက်ခြင်းနှင့် မြို့တော်ကောင်စီ (သို့) မြို့တော်အုပ်ချုပ်ရေးမှူး
ရွေးကောက်တင်မြှောက်ခြင်းတို့ ပါဝင်ပါသည်။
ပုံမှန်အားဖြင့် ဒေသန္တရ ရွေးကောက်ပွဲများကို
နှစ်စဉ်စက်တင်ဘာလ၏ ဒုတိယပတ်(တနင်္ဂနွေနေ့)တွင် ကျင်းပလေ့ရှိ ကြောင်းနှင့် မဲဆွယ်စည်းရုံးရေးကာလမှာ
၂၈ ရက် ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲ
တွင် လိုက်နာရန်အခြေခံစည်းမျဉ်းများ
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတကို
နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ပြည်သူများက လျှို့ဝှက် မဲပေးစနစ်ဖြင့် တိုက်ရိုက်ရွေးချယ်မဲပေး၍
ရွေးကောက်တင်မြှောက်ကြသည်။
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင်
ရုရှားဖက်ဒရေးရှင်း နိုင်ငံသားတစ်ဦးအနေဖြင့် ပါဝင်ခြင်းသည် လွတ်လပ်၍ မိမိဆန္ဒအလျောက်သာဖြစ်ပါ
သည်။
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတ
ရွေးကောက်ပွဲ၌ မည်သူတစ်ဦးတစ်ယောက် ကိုမျှ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးရန် သို့မဟုတ်
မဲပေးခြင်း၌ ပါဝင်ခြင်းမပြုရန် ရည်ရွယ်ချက်ဖြင့် လွှမ်းမိုးချုပ်ကိုင်ခြင်း၊ ၎င်း၏ဆန္ဒအရ
လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်အား နှောင့်ယှက်ခြင်းမပြုရ။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နိုင်ငံသားများအတွက်
ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများ
- ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက်
(၁၈) နှစ်ပြည့်ပြီးသော ရုရှားနိုင်ငံသားတိုင်းသည် မဲပေးခွင့်ရှိခြင်း။
- လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်
အမည်တင်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခွင့် ရှိခြင်း။
- ရွေးကောက်ပွဲ အကြိုကာလများတွင် မဲဆွယ်စည်းရုံးခွင့်ရှိခြင်း။
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ
ရွေးကောက်ပွဲတွင် လေ့လာခွင့်ရှိခြင်း။
- ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ ဆောင်ရွက်မှုများအား လေ့လာခွင့်ရှိခြင်း။
- မဲရလဒ်များ တွက်ချက်ကြေညာခြင်း ဆိုင်ရာကိစ္စရပ်များအား လေ့လာကြည့်ရှုခွင့်ရှိခြင်း။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ
တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသူများ
- အသက် ၃၅ နှစ် ပြည့်မီပြီးသူ၊
- ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် အနည်းဆုံး
၂၅ နှစ်ကြာ အခြေချနေထိုင်သူ၊
- နိုင်ငံခြားတိုင်းပြည်တစ်ခု၏ နိုင်ငံသားဖြစ်သူ သို့မဟုတ် နိုင်ငံသားအဖြစ် ခံယူထားခြင်းမရှိသူ၊
- နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် နေထိုင်ခွင့်ဗီဇာ
(သို့) နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် ယာယီနေထိုင်ခွင့်ဆိုင်ရာ အခြားအထောက်အထား၊ စာရွက်စာတမ်းများမရှိသူ၊
- ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲ
ကျင်းပရန်ပြင်ဆင်ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံပြင်ပတွင်ရောက်ရှိ နေသူများသည်လည်း
သမ္မတရွေးကောက်ပွဲတွင် ပြည်တွင်းရှိ နိုင်ငံသားများနှင့် တန်းတူညီမျှသော အခွင့်အရေးများ
ခံစား ပိုင်ခွင့်ရှိသည်။
ရုရှားနိုင်ငံ၏ (၈) ကြိမ်မြောက် သမ္မတ
ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ သမ္မတသက်တမ်းမှာ
ခြောက်နှစ်ဖြစ်ပြီး နှစ်ကျော့ပြန်စနစ်ကို ကျင့်သုံးသည်။ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင်
ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းနှင့်အထက် ရရှိသည့် ကိုယ်စားလှယ်လောင်းမရှိပါက ဒုတိယ အကြိမ်ယှဉ်ပြိုင်မှု
(second round) ကို ရွေးကောက် ပွဲကျင်းပပြီး သုံးပတ်အကြာ (ဧပြီလ ၇ ရက်နေ့) တွင် ကျင်းပလေ့ရှိသည်။
အနိုင်ရရှိသူကို ၂၀၂၄ ခုနှစ် မေလ ၇ ရက်နေ့တွင် ရာထူးအာဏာ အပ်နှင်းမည်ဖြစ်သည်။ ဒီဇင်ဘာလနှောင်းပိုင်းအထိ
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၃၃ ဦး (တစ်သီးပုဂ္ဂလ ၂၄
ဦး၊ ပါတီ ကိုယ်စားပြု ကိုးဦး) ရှိသည့်အနက် တစ်သီးပုဂ္ဂလ ခြောက်ဦးနှင့် ပါတီကိုယ်စားလှယ်
ကိုးဦးတို့မှာ အချက်အလက်များ တင်သွင်းပြီးဖြစ်ကြောင်း CEC က ကြေညာသည်။ အချက်အလက်များ
တင်သွင်းပြီး သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နောက်ဆုံးထား၍
လူထုထောက်ခံမှုရရှိအောင် ကြိုးစားကြရမည် ဖြစ်သည်။
တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ
အနေဖြင့် ထောက်ခံသူ ၃၀၀၀၀၀ မှ ၃၁၅၀၀၀ အထိ ထောက်ခံ မှုရရှိအောင် ကြိုးစားကြရမည်ဖြစ်ပြီး
ပါတီကိုယ်စား လှယ်လောင်းများအနေဖြင့် ထောက်ခံသူ ၁၀၀၀၀၀ မှ ၁၀၅၀၀၀ ရရှိရမည်ဖြစ်သည်။
လက်ရှိသမ္မတ ပူတင်သည် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လူထုထောက်ခံမှု ၅၀၀၀၀၀ ကျော် ရရှိပြီးဖြစ်သည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ကိုယ်စားလှယ် လောင်းများရရှိသည့် လူထုထောက်ခံမှုအပေါ်မူတည်၍
ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်းကို ရုရှားဗဟိုရွေးကောက်ပွဲ ကော်မရှင်က
ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ်ပြီးနောက် ပါတီ ညီလာခံကိုကျင်းပခဲ့ပြီး
ပါတီများအနေဖြင့် မိမိပါတီ ကိုယ်စားလှယ်လောင်းကို ထောက်ခံပေးရုံမျှမက အခြားပါတီ သို့မဟုတ်
တစ်သီးပုဂ္ဂလများကိုလည်း ထောက်ခံမှုပြုနိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ပုဒ်မ ၈၁၊ အပိုဒ် ၃ အရ လူတစ်ဦးသည် ဆက်တိုက်ဖြစ်သော သမ္မတသက်တမ်း နှစ်ကြိမ် ထက်ပို၍
ရွေးကောက်ခံပိုင်ခွင့်မရှိဟု ပြဋ္ဌာန်းထားသည်။
ရုရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ခြင်းအတွက် ဆန္ဒမဲပေးမှုကို ရုရှားနိုင်ငံတစ်ဝန်း တွင် ၁-၇-၂၀၂၀ ရက်နေ့ကကျင်းပခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို ထောက်ခံသူ အရေ အတွက် ၇၇ ဒသမ ၉၂ ရာခိုင်နှုန်း၊
ကန့်ကွက်သူ အရေအတွက် ၂၁ ဒသမ ၂၇ ရာခိုင်နှုန်းရှိကြောင်း သိရပြီး မဲပေးခွင့်ရှိသူအရေအတွက်၏
၆၇ ဒသမ ၉၇ ရာခိုင်နှုန်းက ဆန္ဒမဲပေးခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ချက်တွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) ရုရှား ဖွဲ့စည်းပုံအခြေခံဥပဒေသည်
အပြည်ပြည်ဆိုင်ရာဥပဒေထက် အရေး ပါခြင်း၊
(ခ) အောက်လွှတ်တော်အနေဖြင့် ဝန်ကြီးချုပ်
အမည်စာရင်းတင်သွင်းမှုကို အတည်ပြုခြင်း၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးများခန့်အပ်ခြင်းကို
အတည်ပြုခြင်း၊ သမ္မတအနေဖြင့် အဆိုပါပုဂ္ဂိုလ်များ ခန့်အပ်မှုကို ငြင်းပိုင်ခွင့်မရှိသော်လည်း
လိုအပ်ပါက ရာထူးမှဖယ်ရှားနိုင်ခြင်း၊
(ဂ) သမ္မတလောင်းတစ်ဦးသည် ရုရှားနိုင်ငံတွင်
အနည်းဆုံး (၂၅) နှစ် တစ်ဆက်တည်း နေထိုင်ရန်လိုအပ်ခြင်း၊
(ဃ) သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊
တရားသူကြီးများ၊ ဒေသဆိုင်ရာအကြီးအကဲများ အနေဖြင့် နိုင်ငံခြားသား သို့မဟုတ် အခြားနိုင်ငံတွင်
နေထိုင်ခွင့်ရရှိထားသူ မဖြစ်ရခြင်း၊
(င) အထက်လွှတ်တော်က ပြည်ထောင်စု တရားသူကြီးများအား
တာဝန်မှရုပ်သိမ်းပေးရန် သမ္မတထံ အဆိုပြုနိုင်ခြင်း၊ သမ္မတ၏အဆိုပြုချက်ဖြင့် ဖွဲ့စည်းပုံ
အခြေခံဥပဒေ ခုံရုံးနှင့် တရားလွှတ်တော် ချုပ်တရားသူကြီးများကို တာဝန်မှ ရုပ်သိမ်းနိုင်ခြင်း၊
(စ) နိုင်ငံတော်သမ္မတအနေဖြင့် တရားဥပဒေစိုးမိုးရေးအေဂျင်စီ
အကြီးအကဲများ ခန့်အပ်ခြင်းကို အထက်လွှတ်တော်နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊
(ဆ) နိုင်ငံတော်ကောင်စီ၏ အခန်းကဏ္ဍနှင့်
အနေအထားဖွင့်ဆိုခြင်း၊ (လက်ရှိဖွဲ့စည်း ပုံအရ အဆိုပါကောင်စီမှာ အကြံပေး သဘောအဖွဲ့သာရှိပြီး
လက်ရှိဖွဲ့စည်းပုံ အရ တာဝန်တိတိကျကျ သတ်မှတ် မထားပါ။)
(ဇ) နိုင်ငံတော်သမ္မတက မေတ္တာရပ်ခံလာပါက
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက
ပြန်လည်စိစစ်ရန် ခွင့်ပြုခြင်း၊
(ဈ) သမ္မတ၏အများဆုံး တာဝန်ထမ်းဆောင်နိုင်မှု
သက်တမ်းအကြိမ်အရေအတွက် သတ်မှတ်ချက်ကို ပယ်ဖျက်ခြင်း။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲ
ကော်မရှင်ဖွဲ့စည်းထားရှိမှု
ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်သည်
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၁ အရ သမ္မတရွေးကောက်ပွဲကျင်းပခြင်း၊
ဖက်ဒရယ်ရွေးကောက်ပွဲများကျင်းပခြင်းနှင့် ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း စသည်တို့ကို
လုပ်ဆောင်နိုင်သည့် အခွင့်အာဏာရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၉၃ ခုနှစ် စက်တင်ဘာလ
တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဗဟိုရွေးကောက်ပွဲကော်မရှင်၏သက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး
သမ္မတမှ ရွေးချယ်ခန့်အပ်ထားသူ ငါးဦး၊ အထက်လွှတ်တော် (Federal Council) မှ ရွေးချယ်ခန့်အပ်ထားသူ
ငါးဦးနှင့် အောက်လွှတ်တော် (State Duma) မှ ရွေးချယ်ခန့်အပ်ထားသူ ငါးဦး စုစုပေါင်းအဖွဲ့ဝင်
၁၅ ဦး ပါရှိပါသည်။ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ဗဟိုရွေးကောက်ပွဲကော်မရှင်၏
ပထမအကြိမ် အစည်းအဝေး၌ လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲပေးရွေးချယ်ကြောင်း သိရှိရပါသည်။
လက်ရှိဗဟိုရွေးကောက်ပွဲကော်မရှင်သည်
နှစ်ပေါင်း ၂၀ အတွင်း သတ္တမအကြိမ်မြောက် ဖွဲ့စည်းသည့် ကော်မရှင်ဖြစ်ပါသည်။ ဗဟိုရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌမှာ မစ္စအီလာပန်ဖီလိုဗာ (Ms. Ella Pamfilova) ဖြစ်ပြီး ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
၁၅ ဦးအနက် ခြောက်ဦးမှာ ယခင်ရွေးကောက် ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြသည်။
အဖွဲ့ဝင်များမှာ ချမ်းသာကြွယ်ဝ၍ အတွေ့အကြုံရှိသူများ ဖြစ်သည့်အပြင် ရွေးကောက် ပွဲလုပ်ငန်းများတွင်
ကြိမ်ဖန်များစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူများလည်း ဖြစ်ကြောင်း သိရှိရပါသည်။
လက်ရှိရွေးကောက်ပွဲကော်မရှင်၏ဖွဲ့စည်းပုံတွင်
လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများသာမက လွှတ်တော် ပြင်ပရှိ နိုင်ငံရေးပါတီများ၏ပါတီဝင်များပါ
ထည့်သွင်းဖွဲ့စည်းထားရှိကြောင်း တွေ့ရှိရသည့်အတွက် နိုင်ငံရေးအရ ဘက်ပေါင်းစုံမှပါဝင်လျက်
ရှိကြောင်း တွေ့ရှိရပါသည်။
ရွေးကောက်ပွဲတွင်မဲပေးခြင်း
ရုရှားနိုင်ငံ၏သမ္မတရွေးကောက်ပွဲတွင်
မဲရုံများ၌ မဲပေးကြရာတွင် မဲပုံးအတွင်း မဲလက်မှတ်အသုံးပြု တိုက်ရိုက်ဆန္ဒမဲပေးခြင်း၊
အီလက်ထရွန်နစ် မဲပေးစက်အသုံးပြုဆန္ဒမဲပေးခြင်းနှင့် အွန်လိုင်းစနစ် အသုံးပြုဆန္ဒမဲပေးခြင်း
စသည့်နည်းလမ်းသုံးခုတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ မဲလက်မှတ်သုံး
တိုက်ရိုက်မဲပေးမှုစနစ်ဖြင့် မဲပေးသူများမှာ အသက်အရွယ်ကြီးရင့်သူများဖြစ်ကြပြီး အသက်ငယ်ရွယ်သူများမှာ
အီလက်ထရွန်နစ်မဲပေးစက်ကို အသုံးပြု၍ မဲပေးကြသည်။ အွန်လိုင်းစနစ်ဖြင့် အသုံးပြုမဲပေးသူဦးရေမှာ
အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ ရွေးကောက်ပွဲကျင်းပသည့်အချိန်ကာလကို သုံးရက်သတ်မှတ်ထားသဖြင့်
မဲရုံများတွင် လာရောက်မဲပေးသူများအနေဖြင့် တန်းစီစောင့်ဆိုင်း စရာမလိုဘဲ မဲပေးနိုင်ကြကြောင်းလည်း
တွေ့ရှိရသည်။
မဲစာရင်းတွင် မဲဆန္ဒရှင်အမည်ရှာဖွေခြင်းမှ
စတင်၍ မဲပေးသည်အထိလုပ်ငန်းစဉ်များ၊ မဲပေး စက်/ မဲစာရွက်ဖြင့် မဲပေးနေမှုများမှာ သက်သောင့်
သက်သာဖြင့် စည်းကမ်းတကျရှိသည်။ မဲရုံများတွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် စောင့်ကြည့်လေ့လာသူများဖြစ်သည့်
နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို တွေ့ရှိရသည်။ မဲရုံလုံခြုံရေးဝန်ထမ်း၊ ရဲလုံခြုံ
ရေးဝန်ထမ်းများ လုံလောက်စွာထားရှိပြီး မဲရုံများကို လုံခြုံရေးကင်မရာ (CCTV)
Network အသင့် တပ်ဆင်ထားသည့် အစိုးရစာသင်ကျောင်းများ၊ ဒေသန္တရရုံးများတွင် ဖွင့်လှစ်ဆောင်ရွက်ထားရှိ
ကြောင်းတွေ့ရှိရသည်။ မဲရုံသို့လာရောက်မဲပေးသည့်အခါ နိုင်ငံသားလက်မှတ် (Passport) ပြသရပြီး
ယင်းလက်မှတ်ကို နည်းပညာအသုံးပြု၍ မဲစာရင်း ပါ/မပါ၊ မဲပေးပြီး/ မပြီးစစ်ဆေးနိုင်ပါသည်။
ထို့နောက် မဲပေးစက် သို့မဟုတ် မဲလက်မှတ်ဖြင့် မဲပေးနိုင်ကြောင်းရှင်းပြပြီး မဲဆန္ဒရှင်က
ရွေးချယ်သည့်အတိုင်း မဲပေးနိုင်ရန်စီစဉ်ထားပါသည်။ မဲရုံများ၌ မဲပေးရာတွင် မဲဆန္ဒရှင်များသည်
၎င်းတို့၏ ကလေးငယ်များကိုပါ ခေါ်ဆောင်လာပြီး လျှို့ဝှက်ဆန္ဒပြုပြီးနောက် အဆိုပါကလေးငယ်များကို
မဲစာရွက်များအား မဲပုံးထဲသို့ ထည့်သွင်းစေခြင်းဖြင့် လူငယ်များ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍
အတွေ့အကြုံရရှိစေရန်နှင့် ယဉ်ပါးစေရန် ဆောင်ရွက်ကြကြောင်းတွေ့ရှိ ခဲ့ရသည်။ ရုရှားနိုင်ငံ
ဗဟိုရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲပေးရာတွင် လွယ်ကူခြင်း (Easy)၊ လွတ်လပ်ခြင်း
(Freedom) နှင့် သက်သောင့်သက်သာရှိခြင်း (Comfort) တို့ကို အလေးထားစီစဉ် ဆောင်ရွက်ထားရှိကြောင်း
သိရှိရသည်။
မော်စကိုမြို့ပေါ်ရှိ မဲရုံများကို
CCTV Camera များနှင့် တိုက်ရိုက်ချိတ်ဆက်၍ မဲရုံများ၏လှုပ်ရှားမှုမြင်ကွင်းများကို
အဖွဲ့စနစ်ဖြင့် တိုက်ရိုက် စောင့်ကြပ်ကြည့်ရှုထိန်းကျောင်း ဆောင်ရွက်သည်။ မဲရုံများအတွင်း
ဖြစ်ပေါ်လျက်ရှိသည့် မသင်္ကာဖွယ်လှုပ်ရှားမှုများနှင့် ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ
တိုက်ရိုက်သိရှိမှတ်တမ်းတင် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်းလည်း တွေ့ရှိရသည်။ ထူးခြားဖြစ်စဉ်အနေဖြင့်
မတ်လ ၁၅ ရက်နေ့ တွင် ဒေသန္တရမဲရုံတစ်ခုတွင် အမျိုးသမီးတစ်ဦးက မဲပုံးအတွင်း အရောင်ပါသောအရည်များ
လောင်းထည့်မှုကိုတွေ့ရှိ၍ ချက်ချင်းအရေးယူဆောင်ရွက်နိုင်ခဲ့သည်။ မဲရုံများတွင် ဖြစ်ပေါ်လျက်ရှိသော
အခက်အခဲများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ညှိနှိုင်းဖြေရှင်း
ပေးလျက်ရှိသည်။ လေ့လာစောင့်ကြည့်ရေးအဖွဲ့များမှာ စေတနာ့ဝန်ထမ်း ကျောင်းသားလူငယ်အများစုကို
သင်တန်းပို့ချ၍ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် ကျောင်းသား
လူငယ်ထု၏ စိတ်ပါဝင်စားမှုပိုမိုရရှိကာ လူငယ်များ အတွင်း ရွေးကောက်ပွဲယဉ်ကျေးမှု မြင့်မားတိုးတက်
လာစေပါသည်။
ရုရှားနိုင်ငံဗဟိုရွေးကောက်ပွဲကော်မရှင်အနေဖြင့်
အိုင်တီနည်းပညာပိုင်းအား ပိုမိုအားကောင်းစွာ အသုံးပြုထားသည်။ ရွေးကောက်ပွဲမတိုင်မီ
လေးလအလို၌ အွန်လိုင်းမှတစ်ဆင့် မဲပေးမည့်သူများ၏ စာရင်းများကို ကြိုတင်ကောက်ခံစာရင်းသွင်းစေခဲ့ပြီး
ရွေးကောက်ပွဲကျင်းပမည့်နေ့များတွင် အွန်လိုင်းမှမဲပေး ဆောင်ရွက်စေခြင်းဖြင့် မဲရုံများတွင်
မဲပေးမည့်သူများ တန်းစီစောင့်ဆိုင်းခြင်းကို လျော့ပါး စေခဲ့သည်။ ထို့အပြင် အွန်လိုင်းမဲပေးသူများအတွက်
မဲလက်မှတ်များ ရိုက်နှိပ်မှုလျှော့ချနိုင်ခဲ့ပါသည်။ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များမှာ
ယခင်အတွေ့အကြုံ ရှိသူများကို ပြန်လည်တာဝန်ပေးအပ်ထားခြင်းဖြစ်ပြီး ထိုသူများမှာ နိုင်ငံ့ဝန်ထမ်းများ၊
လူမှုရေး အဖွဲ့အစည်းများမှစိတ်ပါဝင်စားသူများကို သင်တန်းများပို့ချ၍ တာဝန်ပေးအပ်ထားပြီး
မဲရုံများတွင် တာဝန်ထမ်းဆောင်သည့်အချိန်ကို Onduty အဖြစ် သတ်မှတ်ပေးထားသည်။
နိဂုံး
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ၂၀၂၄ ခုနှစ်
သမ္မတရွေးကောက်ပွဲ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းသည် ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်
အဖွဲ့ ဝင်များ၏အတွေ့အကြုံရင့်ကျက်စွာ ဆောင်ရွက်နိုင်စွမ်းတို့အပေါ် ကြိုတင်ပြင်ဆင်မှု
အားကောင်းခြင်း၊ အစိုးရနှင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်းများက
ကဏ္ဍအလိုက်ဝိုင်းဝန်းကူညီပံ့ပိုးနိုင်မှုနှင့် နယ်မြေအလိုက်အေးချမ်း တည်ငြိမ်မှုရှိခြင်း၊
မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲအတွေ့အကြုံနှင့် ပညာရည်အဆင့်အတန်းမြင့်မားခြင်း
တို့ကြောင့် ရွေးကောက်ပွဲသည် စနစ်တကျ သပ်သပ်ရပ်ရပ်ဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း
သုံးသပ်ရရှိသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲ
ကော်မရှင်၏ ကောင်းမွန်ပြည့်စုံသည့် ကြိုတင် ပြင်ဆင်မှုများဖြင့် ကျင်းပပြုလုပ်ခဲ့သော
၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲသည် နိုင်ငံပေါင်း ၁၂၉ နိုင်ငံမှ နိုင်ငံတကာ လေ့လာသူများနှင့်
ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ ၁၁၁၅ ဦးတို့ လာရောက်လေ့လာခဲ့ကြပြီး နိုင်ငံအသီးသီး၏
ရွေးကောက်ပွဲကော်မရှင်များမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်သူများက ကောင်းမွန်သည့်
သဘောထားမှတ်ချက်များပေးခဲ့သည့်အတွက် ရွေးကောက်ပွဲပုံရိပ်မြင့်မားပြီး ခိုင်မာမှုကိုရရှိခဲ့ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရွေးကောက်ပွဲတွင်
ရုရှားပြည်သူများအနေဖြင့် “တို့ပြည်သူလူထုအားဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတော်အတွက်
မဲပေးကြပါစို့” ဆောင်ပုဒ်နှင့်အညီ လူပုဂ္ဂိုလ်အကျိုး၊ ပါတီအကျိုးထက်
နိုင်ငံတော်အကျိုးအတွက် အရည် အချင်းရှိသည့် ခေါင်းဆောင်အား တညီတညွတ်တည်း မဲပေးရွေးချယ်
ခဲ့ကြကြောင်း တင်ပြလိုက်ရပါသည်။


No comments