ကချင်တိုင်းရင်းသား ခခူးရိုးရာဝတ်စုံ ဂျပ်ခုတ်ရက်ကန်းအကြောင်း သိကောင်းစရာ
ရွှေမိုးညှင်း
ကချင်လူမျိုးတို့၏ ဝတ်စားဆင်ယင်မှုတို့သည်
ဒေသအလိုက် ကွဲပြားခြားနားသော်လည်း ခြားနားမှု များစွာမရှိခြေ။ အချို့ဒေသ၌ အမျိုးသား
အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုသည် ယဉ်ကျေးသိမ်မွေ့ လှပါသည်။ ယင်းတို့ဝတ်ဆင်ရာတွင်
ခခူးလုံချည်၊ အင်္ကျီအနက်နှင့် ခခူးခေါင်းပေါင်းတို့သည် ကချင်လူမျိုးတို့၏ ထင်ပေါ်သော အဝတ်အထည်များဖြစ်ကြောင်း တွေ့ရှိရသည်။
အမျိုးသမီးတို့သည် ခခူးလုံချည်နှင့် အင်္ကျီအနက်တို့
ဝတ်ဆင်လေ့ရှိပြီး သန္တာစေ့ပုတီးကုံးကို လည်တွင်ဆွဲ၍ ဆင်ယင်မှု ပြုကြသည်။ အမျိုးသမီးဝတ်သော ထဘီအဆင်နှင့် အမျိုးသားဝတ်ဆင်သော
လုံချည်အဆင် ကွာခြားလှပါသည်။
ခခူးအမျိုးသား အမျိုးသမီးရိုးရာဝတ်စုံ
အမျိုးသားဝတ် ခခူးလုံချည်အဆင်မှာ အစိမ်းရောင်၊
အနက်ရောင်၊ ခရမ်းရောင်ဟူ၍ သုံးမျိုးကို အပြန်ပြန်အလှန်လှန် ကွက်မ ကွက်ကျဲ ကွက်စိပ်
အိမ်ဖွဲ့၍ အဆင်တစ်စုံ ကိုးလက်မခန့်ရှိသော ကွက်ကျဲလုံချည်များ ရက်ခတ်ခြင်းဖြစ်သည်။ အမျိုးသမီးဝတ်လုံချည်မှာ ခခူးအနက်ရောင်တွင်
ခုနစ်လက်မကို အဝါ၊ ခရမ်း၊ ပန်း၊ အနီ၊ အစိမ်းရောင်တို့သည် အကြောင်းထိုးကလေးများ အပြန်အလှန်
ပြုလုပ်၍ တစ်လက်မအထိ ပေါ်လွင်အောင် အစင်းကြောင်းများ ပြုလုပ်ရသည်။ ပြီးလျှင် ခရမ်းရောင်အား
ခြောက်လက်မအထိ ပြုလုပ်ရပါသည်။ ပတ်လည်စင်းများ
ပြုလုပ်၍ ၎င်းအထည်ပေါ်တွင် အမိတ်ဒီဇိုင်းအဖြစ် ပုလဲမှန်ကူ နှစ်ထပ်ကွက်၊ သုံးထပ်ကွက် စသည်ဖြင့် မိမိကြိုက်နှစ်သက်ရာ
အမိတ်ထိုးဝတ်ဆင်ခြင်းဖြစ်သည်။
ရိုးရာဝတ်စုံများကို အိမ်တွင် ဂျပ်ခုတ်ဖြင့်
ရက်ခတ်ကြသည်။ တောရွာများနှင့် တောင်ပေါ်ကျေးရွာများတွင် ယနေ့တိုင် ဂျပ်ခုတ်ရက်ကန်းကို
ရက်ခတ်လေ့ရှိကြပါသည်။ ဂျပ်ခုတ်ရက်ကန်းကို တစ်ပင်ကျော် တစ်ပင်ကျ ရက်ခတ်လာရာမှ ပုလဲ ဒီဇိုင်းများကို
တီထွင်ကြံဆကာ အထည်များ ရက်လုပ်လာ ကြပါသည်။
ဂျပ်ခုတ်ရက်ကန်း ရက်ခတ်မည်ဆိုပါက ရက်ကန်းအတိုင်
ချည်ဆွဲခြင်းမှ စတင်ရပါသည်။ ဂျပ်ခုတ်ရက်ကန်း အတိုင်ချည်ဆွဲခြင်းမှာ အလျား နှစ်ကိုက်နှင့်
၁၄ လက်မရှိသော ဝါးလုံးတစ်ခုတွင် ပထမအစွန်းဘက်မှ ခြောက်လက်မခန့်ထား၍ အပေါက်ဖောက်ပြီးသော်
တစ်ပေခန့်ရှည်သော သစ်သား သုံးမူးလုံးကို ထိုအပေါက်တွင် တပ်ဆင်ရ သည်။ ထိုမှ အလယ်တွင်
ရှစ်လက်မစီ အရှည်ရှိသော သစ်သားလုံးနှစ်ခုကို တစ်ခုနှင့် တစ်ခု ခြောက်လက်မ ခန့်ခွာ၍
စိုက်သွင်းတပ်ဆင်ရပါသည်။ ယင်းကို ကချင်ဘာသာဖြင့် “ဂျစ်န”
ဟုခေါ်သည်။ ကချင် ဂျပ်ခုတ်ရက်ကန်းစင်များတွင် အင်္ကျီဖျင်၊ လုံချည်များ သာမက လွယ်အိတ်များကိုလည်း
ဒေသအလိုက် ဂျပ်ခုတ်ရက်ကန်းစင်ဖြင့် ရက်ခတ်ကြလျက်ရှိပါသည်။
ကချင်လွယ်အိတ်ရက်လုပ်ငန်း
ကချင်လွယ်အိတ် ရက်လုပ်သောပုံစံဒီဇိုင်းသည်
အခြားလွယ်အိတ်ရက်လုပ်သော ပုံစုံတို့နှင့် ကွာခြားလေသည်။ လွယ်အိတ်များကို ယခုခေတ်အခါတွင်
ချည်ချောများဖြင့် အတိုင်အဖောက်ရက်လုပ်ခြင်း၊ ၎င်းတို့ အရောင်မှာလည်း တောက်ပြောင်သော
အနီရောင်နှင့် အနက်ရောင်တို့ကို အသုံးပြုလေ့ရှိကြသည်။ လွယ်အိတ်၏ ကိုယ်ထည်အတိုင်းအတာမှာ
၁၆ လက်မခန့်ရှိသည်။ ဂျပ်ခုတ်လွယ်အိတ် ရက်ခတ်ရာတွင် ပါဝင်သောကိရိယာမှာ အလျား ၂၂ လက်မ၊
အနံ ခြောက်လက်မရှိသော သားရေခါးဆွဲ ဂျပ် တစ်ခု၊ အလျား ၁၈ လက်မ လုံးပတ် လေးလက်မရှိ ဝါလုံးတစ်လုံး၎င်းသည်
အတိုင်ချည်ကို တစ်ပင်စီဖြန့်စီထားရန်အတွက် အသုံးပြုသည်။ ယင်းနောက် စည်းတံများကို ၁၀
ချောင်းခန့်ထား၍ တစ်ချောင်းကို ၁၈ လက်မခန့်ရှိ ဝါးလုံးငယ်နှင့် ရှေ့နောက်ထားပြီး ချည်ပင်စည်းတွင်
ထည့်ထားရသည်။ တစ်ပင်ချင်းစည်းမှ အတိုင်ယပင် တစ်ပင်စီကို နှတ်ကောက်ယူ၍ စီးညှပ်တံ နှတ်ပိုးတံများ
တပ်ဆင်ပြီး နှတ်လွှားတစ်လွှားပြုလုပ်၍ ဂျပ်ခုတ်ရက်ကန်းတန်းတွင် အလိုရှိသော ပုလဲမှန်ကူကွက်အတွက်
နှတ်လွှားကို မယူ၍ ပန်းချည်များ ထည့်သွင်းပြီး ရက်ခတ်ယူရ သည်။ “မ” ပုလဲ ဖော်ယူရန် စည်းတံတစ်ချောင်းမှသည် လေးချောင်းအထိ
ထည့်ထားရသည်။
၎င်းစည်းတံတို့သည် ဂျပ်ခုတ်ရက်ခတ်သူများက
မိမိလိုချင်သော ဒီဇိုင်းများကို အလှည့်ကျ ဖော်ဆောင် ရက်လုပ်ရပါသည်။ ဂျပ်ခုတ်ရက်ကန်းစင်နှင့်
ရက်ခတ်မည်ဆိုပါလျှင် ယဉ်သွားနံပါတ် အနံ၊ လက်မ စသည် တို့ တွက်ယူရမည်ဆိုလျှင် ရက်လုပ်လိုသည့်
အထည်ကိုမူတည်၍ သတ်မှတ်ထားပြီးဖြစ်လေသည်။ လွယ်အိတ် ရက်လုပ်လိုလျှင် လွယ်အိတ်၏ အနံ၊ လက်မသည်
ကိုးလက်မထားသည်။ ထို ကိုးလက်မအတွက် အထက်တွင်ဖော်ပြခဲ့သော “ဂျစ်နာ”တွင် ချည်ပင်များကို ဖြုတ်ယူပြီးလျှင် ၁၈
လက်မရှိသော ဝါးလုံးတွင် လျှိုသွင်းပြီး အတိုင်ချည်ပင်များကို စည်းခွဲ၍ နှတ်ကောက်ရသည်။
ကချင်ဂျပ်ခုတ်လွယ်အိတ် ရက်ကန်းတန်း
အတွက် ယဉ်သွားနံပါတ်တွက်ယူရာ၌ တစ်စုံလျှင် ယပင် ၁၀ ပင် ရှိသည်။ အနံ ကိုးလက်မအတွက် ၂၇
စုံထားသော် တစ်လက်မရှိ ယပင်ပေါင်းမှာ တစ်နံတွင် ၃၀ ပါဝင်ခြင်းကြောင့် ယဉ်သွားနှင့်
ရက်လုပ်ခြင်းမဟုတ်သော်လည်း ယဉ်သွားနံပါတ် ၁၅ တွင် (သို့) ၃၀ နှင့် ညီမျှကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် ယဉ်သွားနံပါတ် ၃၀ ဟု သတ်မှတ်ခေါ်ဆို နိုင်ပါသည်။ ဂျပ်ခုတ်ရက်ကန်းသည် လက်ခတ်အစား
ဂျပ်ဖြင့် ရက်လုပ်ရသည်။ အဖောက်ချည်ပင် နှစ်ပင် ပေါင်း၍ ရက်ခတ်ရသည်။
ဆက်လက်ပြီး ဂျပ်ခုတ်ရက်ကန်းစင်နှင့်
ရိုးရာ အထည် ထဘီ၊ အင်္ကျီများ ရက်ခတ်ရန်အတွက် ရိုးရာချားဆွဲလိုလျှင် အနံပေါင်း ၅၄ စုံ
ပြုလုပ်ရပါ သည်။ အနံ ၅၄ စုံတွင် တစ်စုံလျှင် ချည်ပင် ၁၀ ပင် ၅၄ စုံတွင် အတိုင်ချည်ပင်ပေါင်း
၅၄၀ ရှိရပါမည်။ တစ်လက်မတွင် အပင် ၆၀ ရှိ၍ အပေါက် ၃၀ ယဉ်သွား နှင့် ညီမျှ၍ မိမိပြုလုပ်လိုသော
အနံကြီးလိုပါက အနံများများ ပြုလုပ်ကာ ချားဆွဲရမည် ဖြစ်ပါသည်။ အမျိုးသားဝတ် အမျိုးသမီးဝတ်နှင့်
လွယ်အိတ် ခေါင်းပေါင်းစများကို ယနေ့တိုင် ဂျပ်ခုတ်ရက်ကန်းစင်ဖြင့် ရက်လုပ်နေဆဲဖြစ်ပါသည်။
၎င်းနောက် ကချင်လွယ်အိတ်၊ ခေါင်းပေါင်း၊ အိပ်ရာခင်း၊ ခြုံစောင် စသည့် လူသုံးအဝတ်အထည်များကို
ရက်လုပ် အသုံးပြုကြလျက်ရှိသည်။
ခခူးရိုးရာဝတ်စုံများကို ဂျပ်ခုတ်စင်မှ
လွန်းပျံ ရက်ကန်းစင်ဖြင့် ပြောင်းလဲရက်ခတ်လာခြင်း
ခခူးအမျိုးသမီးဝတ် သုံးနံစပ် လုံချည်အထည်
သည် အရောင်အားဖြင့် အနက်ရောင်နှင့် ခရမ်းရောင် တို့ဖြစ်ပါသည်။ အနက်ရောင်သည် ခုနစ်လက်မနှင့်
ခရမ်းရောင်သည် ငါးလက်မဖြစ်ပြီး ၎င်းတို့ နှစ်ရောင် ကြားတွင် ချည်ရောင်စုံစိပ်ထိုး၍
စင်းကြောင်းလေးများ ထည့်သွင်းရက်ခတ်ကြပါသည်။ ခခူးကချင် အမျိုးသားဝတ်လုံချည်အဆင်ဒီဇိုင်းမှာ
ခရမ်းရောင်၊ အစိမ်းရောင်နှင့် အနက်ရောင်တို့ဖြင့် အစဉ်တကျ ပြုလုပ်ထားသည်ကို တွေ့ရှိရပါသည်။
ဂျပ်ခုတ်ရက်ကန်းစင်ဖြင့် ရိုးရာအဝတ်အထည်များ၊
လူသုံးကုန်အဝတ်အထည်များ ရက်လုပ်ရာတွင် အထည်ထွက် နှေးကွေးသဖြင့် ၁၉၄၈ ခုနှစ် မိန်ခိန်
ဆရာက ထောင်ကျေးရွာ၌ ကချင်ပြည်နယ် အမျိုးသမီးများအဖွဲ့ ရက်ကန်းကျောင်းဖွင့်ပြီးသည့်
နောက်ပိုင်း ခခူးကချင်ရိုးရာ ကျားဝတ်နှင့် မဝတ် လုံချည်များအား အနံကြီးပြုလုပ်၍ လွန်းပျံရက်ကန်း
စင်ပေါ်တွင် ရက်ခတ်ကြသည့် ကျားဝတ်ပုဆိုး အထည်များ တစ်နေ့ လေးထည် ရက်လုပ်နိုင်သည် အထိ
ရက်ခတ်နိုင်ခဲ့ပြီး မဝတ်လုံချည်(ခခူး)အထည်များကိုလည်း တစ်နေ့ တစ်ထည်နှင့် ပန်းထိုးခြင်း၊
ပန်းဖော်ခြင်းများဖြင့် ရက်လုပ်နိုင်ခဲ့ပါသည်။ အမျိုးသားဝတ်ပုဆိုးအထည်များသည် ၁၉၈၀
ပြည့်နှစ်ဝန်းကျင်မှ ယနေ့တိုင် လွန်းပျံလက်ရက်ကန်းစင်မှ စက်ရက်ကန်းစင်အထိ တိုးမြှင့်ကာ
အထည်များစွာ ထုတ်လုပ်ရက်ခတ်နိုင်ခဲ့သည်။
ထို့အတူ အမျိုးသမီးဝတ်လုံချည်များကိုလည်း
ယခင်လွန်းပျံရက်ကန်းစင်ပေါ်တွင် လက်ဖြင့်သာ အသေးစိတ် ဒီဇိုင်းပန်းဖော်ကောက်ရာမှ ၁၉၈၀
ပြည့်နှစ် နောက်ပိုင်းတွင် ဖဲနှတ်များတပ်ဆင်၍ လျင်မြန်စွာ ပန်းဖော်ကောက် ရက်ခတ်ရာတွင်
လွယ်ကူမြန်ဆန်ကြောင်း တွေ့ရှိရပေသည်။ ရိုးရာ ဒီဇိုင်းများကိုလည်း မိမိနှစ်သက်ရာ စိတ်ကူးကြံဆ၍
ခေတ်နှင့်အညီ ဆန်းသစ်တီထွင် ရက်လုပ်ကြသည်ကိုလည်း ယနေ့ မျက်မှောက်ခေတ်အထိ များစွာတွေ့ရှိရမည်
ဖြစ်ပေသည်။
ယခုအချိန်အခါတွင် အသစ်အဆန်း တိုးတက်ပြောင်းလဲဖြစ်ပေါ်နေသော
ခေတ်ကာလဖြစ်၍ ခခူးရိုးရာ ဝတ်စုံများသည်လည်း အရောင်အသွေး၊ ဒီဇိုင်းအပြင်အဆင်မှာ ဆန်းသစ်လှပပြီး
ဝတ်ချင်စဖွယ် ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရပါသည်။
သို့ဖြစ်၍ ခခူးတိုင်းရင်းသားများ၏ တိုးတက်
ပြောင်းလဲလာသောအမြင်နှင့် နည်းပညာများအပေါ် ဂုဏ်ယူသင့်၊ ကြိုဆိုသင့်၊ အားပေးသင့်သော
ရိုးရာ ဝတ်စုံဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။ ။
.jpg)
.jpg)
.jpg)
No comments