သင်္ကြန်အပြီးကာလတွင် မန္တလေးဈေးကွက်အတွင်း ပြည်ပပို့ကုန် ပဲအမျိုးအစားများ အရောင်းအဝယ်ကောင်းနေ
မန္တလေး ဧပြီ ၂၂
သင်္ကြန်အပြီးကာလ နှစ်သစ်အခါသမယတွင် မန္တလေးပဲဈေးကွက်၌ ပြည်ပပို့ကုန်
ပဲအမျိုးအစားများ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။
သင်္ကြန်အပြီးကာလ မန္တလေးပဲဈေးကွက် စတင်ဖွင့်လှစ်ချိန်တွင် ရောင်းသူ၊
ဝယ်သူများဖြင့် စည်ကားလျက်ရှိပြီး ပြည်ပပို့ကုန် ပဲအမျိုးအစားများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံနှင့်
ကုလားပဲ စသည့် သီးနှံများသည် သင်္ကြန်မတိုင်မီကာလထက် လက်ရှိအချိန်တွင် ဈေးကွက်အတွင်း၌
အရောင်းအဝယ်ကောင်းနေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က
ပြောသည်။
“သင်္ကြန်အပြီးကာလ မန္တလေးဈေးကွက် စတင်ဖွင့်လှစ်ချိန်မှာပဲ ရောင်းသူဝယ်သူတွေနဲ့
လူစုံတက်စုံ စည်ကားနေပါတယ်။ ပုံမှန်အတိုင်း အရောင်းအဝယ်တွေ ဖြစ်နေပါတယ်။ ပဲဈေးတွေက
ထိုင်းမှိုင်းသွားတာမရှိပါဘူး။ မန္တလေးဈေးကွက်မှာ ပဲအားလုံးဟာ သွက်သွက်လက်လက်နဲ့ သက်ဝင်လှုပ်ရှားပြီးတော့
အရောင်းအဝယ်တွေ ဖြစ်နေပါတယ်။ မန္တလေးပဲဈေးကွက်မှာ ပြည်ပပို့ကုန်ပဲများ အရောင်းအဝယ်တွေ
ဖြစ်နေကြပါတယ်။ အန္ဒိယနိုင်ငံကလည်း မတ်ပဲကို လိုအပ်ချက်ရှိတာကြောင့် ဝယ်လိုအားတွေရှိနေပါတယ်။
ဈေးနှုန်းတွေ မြင့်တက်ကောင်းမွန်နေတာကြောင့် တောင်သူတွေအနေနဲ့ အကျိုးအမြတ်တွေရရှိစေပါတယ်။
ယခုအချိန် နယ်စုံဒေသကဝင်ရောက်လာပြီး ရောင်းသူဝယ်သူတွေနဲ့ နေ့စဉ်အရောင်းအဝယ်တွေ ဖြစ်နေကြပါတယ်”
ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် မန္တလေးပဲဈေးကွက်အတွင်း အန္ဒိယပို့ကုန်ဖြစ်သည့်
မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲသီးနှံတို့၏ သင်္ကြန်မတိုင်မီကာလက ဈေးနှုန်းများမှာ မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင်
ကျပ် ၂၉၀၀၀၀ မှ သင်္ကြန်အပြီးကာလတွင် ၃၀၅၀၀၀ ကျပ်၊ ပဲစင်းငုံသုံးတင်းဝင်တစ်အိတ်လျှင်
ကျပ် ၃၆၀၀၀၀ မှ သင်္ကြန်အပြီးတွင် ကျပ် ၄၀၀၀၀၀၊ ကုလားပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ်
၂၄၅၀၀၀ မှ သင်္ကြန်အပြီးကာလတွင် ကျပ် ၂၅၇၀၀၀ ဈေးတို့ဖြစ်ပေါ်နေပြီး ဈေးနှုန်းများမြင့်တက်ကာ
အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments