အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

 

 


ထားဝယ် ဧပြီ ၅

 

၂၀၂၄ ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းဖွင့်ပွဲကို ဧပြီ ၅ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက တို့အင် တို့အား"သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “၂၀၂၄ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်တွင် ယခင် သုံးလုံးကျေ သင်တန်းကဲ့သို့ စာတတ်မြောက်ရေးလှုပ်ရှားမှုကို စေတနာရှင် ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ဒေသခံ ပညာတတ်များ၊ ဒေသခံဝန်ထမ်းများက တိုင်းရင်းသားဘာသာစကား သင်ကြားရေးအထောက်အကူပြု ဆရာ၊ဆရာမများ၏ အကူအညီရယူကာ နိုင်ငံတစ်ဝန်း အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် ဧပြီ ၆ ရက်မှ မေ ၁၅ ရက်အထိ ရက်ပေါင်း ၄၀ ကြာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို တစ်ရက်သင်ကြားသင်ယူချိန် ၃ နာရီဖြင့် နာရီပေါင်း ၁၂၀၊ စာသင်သား ၃၆၀၀ ကို စာသင်ဝိုင်း ၂၄၀၊ နည်းပြ ၂၄၀၊ ကြီးကြပ် ၂၄ ဦးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ၂၀၁၉ ခုနှစ်၊ လူဦးရေနှင့် သန်းကောင်စာရင်းအရ မြန်မာနိုင်ငံ၏ စာမတတ်သူဦးရေ ၄.၁ သန်းကျော်ရှိပြီး တိုင်းဒေသကြီးတွင် ၃၅၇၅၇ ဦးရှိရာ ၎င်းအနက် ၃၆၀၀ ကို မြို့နယ် ရှစ်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ယခုလိုကျင်းပရခြင်းဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ၏စာတတ်မြောက်ရေးလုပ်ငန်းများ၊ သင်ကြားရေးအစီအစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့်  အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် တာဝန်ရှိသူများအားလုံး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ကြိုးစား ဆောင်ရွက်ပေးကြရန်” အမှာစကားပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီဝန်ကြီးချုပ်က အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ငွေကျပ် သိန်း ၁၂၄၉၉၀၀၀ ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးဝင်းနောင်က ရှေ့ဆက်ဆောင်ရွက်မည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအား ရှင်းလင်းတင်ပြကာ အခြေခံပညာ စာတတ်မြောက်ရေး လုပ်အားပေး ဆရာ၊ဆရာမများက ဘယ်သူပြိုင်လို့လှပါတော့နိုင်" သီချင်းဖြင့် တင်ဆက်ကပြဖျော်ဖြေသည်။ ဆက်လက်၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု(VIDEO CLIP)ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများက ဝထကလသသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)




 

No comments

Powered by Blogger.