မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင် မြန်မာနိုင်ငံအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်
မန္တလေး ဧပြီ ၁၀
မြန်မာနိုင်ငံအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာဗဟုသုတကြွယ်ဝသည့် အသိပညာရှင် အတတ်ပညာရှင်များစွာ လိုအပ်ပါကြောင်း၊ နည်းပညာတိုးတက် လာသည်နှင့်အမျှ အင်တာနက်အသုံးပြု၍ ဒီဂျစ်တယ်စာကြည့်တိုက်များမှ စာပေလေ့လာ ဖတ်ရှုမှုများပြားလာသော်လည်း စာအုပ်စာပေသည် လူသားများအတွက် မရှိမဖြစ် အမှန်တကယ်လိုအပ်သော ရတနာတစ်ပါးပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်က လူငယ်များအပါအဝင် ပြည်သူများ စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များ ဖန်တီးပေးလျက်ရှိပါကြောင်း၊ စာကြည့်တိုက်ထဲရှိ စာအုပ်များထဲတွင် သုတ၊ ရသစာပေ ဗဟုသုတများစွာရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ စာအုပ်စာပေဖတ်ရှုရန်နှင့် စာအုပ်စာစောင်များ လက်လှမ်းတမီထားရှိပေးရန် စာကြည့်တိုက်များ၏ ရေရှည်ရှင်သန်ရေး အလွန်အရေးကြီးပါကြောင်း၊ စာအုပ်စာပေများမှပေးသည့် အသိပညာခွန်အားများကြောင့် ဗဟုသုတဉာဏ်ပညာများ ရရှိမည့်အပြင် အမှားအမှန်ကို ဝေဖန်ခွဲခြားနိုင်ဖြစ်ပါကြောင်း၊ အသိပညာမြင့်မားအောင် လုပ်ဆောင်ကြသည့်အခါ စာကြည့်တိုက်များ၏အခန်းကဏ္ဍနှင့် စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားရေးကို လုပ်ဆောင်ကြရန်လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များ တိုးပွားရေး၊ ရေရှည်တည်တံ့တိုးတက်ရေးတို့ကို ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် အလှူရှင်များက အလှူငွေများနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ နာယကနှင့် ဥက္ကဋ္ဌတို့က အလှူငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊ တိုင်းဒေသကြီး အတွင်းရှိအလှူရှင်များကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက အလှူရှင်များလှူဒါန်းသည့် သုတ ရသ စာအုပ် အရေအတွက် အုပ်ရေ ၄၀၀၀ ကျော်နှင့် စုစုပေါင်းလှူဒါန်းငွေ ၂၀,၈၁၀,၀၀၀ ကျပ်ကို လည်းကောင်း၊ ကျေးရွာ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များက စာအုပ်များကို လည်းကောင်း ပေးအပ်လှူဒါန်းကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ အလှူရှင်များကိုယ်စား ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ်က လှူဒါန်းရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကူး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ကအလှူရှင်များမှ လှူဒါန်းထားသည့် စာအုပ်များကို လိုက်လံကြည့်ကာ တက်ရောက်လာသူများအား ရင်းနှီးစွာနှုတ်ဆက်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments