China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းတို့မှဆောင်ရွက်သည့် “Silk Road People to People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ် အခမ်းအနားကျင်းပ
နေပြည်တော် ဧပြီ ၁၀
China Foundation for Peace and Development (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်း ဆက်ဆံရေးဗဟိုအသင်းတို့မှဆောင်ရွက်သည့် “Silk Road People to People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တရုတ်နိုင်ငံ သံရုံးမှ တာဝန်ရှိသူများ၊ တရုတ်-မြန်မာချစ်ကြည်ရေး အသင်းမှ တာဝန်ရှိသူများ၊ China Foundation for Peace and Development (CFPD) အဖွဲ့မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက China Foundation for Peace and Development (CFPD) အဖွဲ့သည် တရုတ်-မြန်မာချစ်ကြည်ရေးယဉ်ကျေးမှုနှင့် ပညာရေး ဖလှယ်ရေးလှုပ်ရှားမှုများ စီမံကိန်းအတွက် ၂၀၂၄ခုနှစ်ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ကို တရုတ်ယဉ်ကျေးမှုထုတ်ကုန် အခု၅၀၀၊ စာအုပ်တွဲ ၁၀၀နှင့် ပေါက်ဖော်လစဉ် စာအုပ်အတွဲ ၃၀၀ စုစုပေါင်း တန်ဖိုးငွေ ကျပ် ၃၅ သိန်း လှူဒါန်းခဲ့ပါကြောင်း၊ယခုကဲ့သို့ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ ကျောင်းများအတွက် အားကစားပစ္စည်းများနှင့် စာရေးကိရိယာ ပစ္စည်းများ လှူဒါန်းပေးသည့်အတွက် အခြေခံပညာဦးစီးဌာန ကိုယ်စားအထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ လှူဒါန်းသည့်ပစ္စည်းများသည် ပညာရေးဝန်ကြီးဌာန ကျောင်းသားလူငယ်များ အတွက် ဖွံ့ဖြိုးရေးဗလငါးတန်ဖြစ်သည့် ကာယဗလနှင့် လွန်စွာကိုက်ညီပါ ကြောင်း၊ ကျောင်းသားလူငယ်များ တန်ဖိုးရှိစွာ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် China Foundation for Peace and Development (CFPD) မြန်မာနိုင်ငံရုံးကိုယ်စားလှယ် Mr.Wang Lei က လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာတရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းမှ Senior President မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ(ခ) Mr.Li BoBo က အသင်းအားမိတ်ဆက်ပေး၍ နေပြည်တော်ရှိ စာသင်ကျောင်း (၅)ကျောင်းသို့ အားကစားပစ္စည်းများနှင့် ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းများကို လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် စာသင်ကျောင်း(၅)ကျောင်း၏ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင် ဝမ်းမြောက် စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်




No comments