နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေး လုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၄)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း တရားမ ဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် အထူးအလေးထားကြပ်မတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စစ်ဆေးဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အလေးထားကြပ်မတ်ဆောင် ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်မှုမရှိစေရေး၊ တာဝန်ကျ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ တရားမဝင်လုပ်ငန်းများကို တားဆီးကာကွယ်ဆောင်ရွက်နေသည့်အပြင် တရား ဝင်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေး လုပ်ငန်းများမရှိစေရေးအတွက် ဆောင်ရွက်နေမှု နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အားကစားရုံ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌဖလား မြို့နယ် (၈)မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ် အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူ များက ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိသည့် အားကစားသမားနှင့် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် တပ်ကုန်းမြို့နယ် အသင်းနှင့် တတိယဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း ချီးမြှင့်ကြသည်။
ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နေပြည် တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု) ကျောက်မျက်ရေ ပေးဝေရေးဝင်းအတွင်း ရေသန့်စင်နေမှုနှင့် ရေပေးဝေနေမှု ၊ ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းဘေးရှိ ဗေဗေ့မောင်ဆည်အတွင်း ရေဝင် ရောက်မှုနှင့် ရေသုံးစွဲမှု၊ ဆည်ပတ်လမ်း ဆောင်ရွက်ထားရှိမှုများ၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၈၅)တံတားနှင့် သံလမ်းတံတား ငလိုက်ချောင်း တစ်လျှောက်တို့တွင် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို တာဝန်ရှိသူများကိုမှာ ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments