မြန်မာနိုင်ငံ ရေဘေးဒဏ်သင့်ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် AHA Centre တို့မှပေးပို့သည့် လူသားချင်းစာနာမှုအကူအညီပစ္စည်းများ မြန်မာနိုင်ငံအစိုးရသို့ လွှဲပြောင်းပေးအပ်
နေပြည်တော် စက်တင်ဘာ ၁၇
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရမှပေးပို့သည့် လူသား ချင်းစာနာ ထောက်ထားမှု အကူအညီပစ္စည်းများသည် ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံအစိုးရသို့ လွှဲပြောင်းပေးအပ်သည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Shri Abhay Thakur က လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။
အိန္ဒိယလေတပ်သယ်ယူပို့ဆောင်ရေးလေယာဉ် IL-76 ဖြင့်ပေးပို့လာသည့် လူသားချင်း စာနာ ထောက်ထားမှုအကူအညီပစ္စည်းများတွင် ခြင်ထောင်အလုံး (၁,၀၀၀)၊ အသင့်စား အစားအစာထုပ် (MRE) အထုပ် (၃,၀၀၀)၊ မီးဖိုချောင်သုံးပစ္စည်းအစုံ (၅၀၀)၊ ဆိုလာမီးအိမ် (၁,၀၀၀)ခန့်၊ မီးစက် (၂)လုံး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ (Hygiene Kits) အစုံ (၄,၀၀၀)၊ ယာယီတဲ(၁၅)လုံး၊ ရေသန့်စင်ရေးဆိုင်ရာပစ္စည်းများဖြစ်သည့် ကလိုရင်းဆေးပြား၊ ပိုးသတ်ဆေး၊ Bleaching powder နှင့် ဆေးဝါးပစ္စည်းများ စုစုပေါင်းပစ္စည်းတန်ချိန် (၃၀) ကျော်ပါရှိသည်။
အလားတူ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါး၊ တာပေါ်လင်နှင့် ယာယီတဲများ သယ်ဆောင် လာသော အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ထပ်မံရောက်ရှိမည်ဖြစ်သည်။
ထို့ပြင် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre)မှ ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၃၃၇,၁၄၈.၉၅ ခန့်မှန်းတန်ဖိုးရှိ မိသားစုသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မိသားစုသုံး မိုးကာတဲများ၊ တာပေါ်လင်၊ Shelter Repair Kit၊ ရေသန့်စက်များနှင့် အခြား အရေးပေါ်သုံး ပစ္စည်းများပါဝင်သော စုစုပေါင်းအလေးချိန် ၅၉,၃၆၀ ကီလိုဂရမ်ရှိ ပစ္စည်းများကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)၊ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI)တို့ဖြင့် သယ်ဆောင်လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ဆိုက်ရောက် ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးဒဏ်သင့်သူများအတွက် အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး “မူ” ဖြင့် ဆောင်ရွက် လျက်ရှိပြီး ရောက်ရှိလာသော ကယ်ဆယ်ရေးပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ အမြန်ဆုံး ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
No comments