တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ် ခံစားရသော ဒေသများအတွက် အလှူရှင်များမှ အလှူငွေများ လာရောက်လှူဒါန်း



နေပြည်တော် စက်တင်ဘာ ၁၇


တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ် ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက  ဝန်ထမ်းမိသားစုများကိုယ်စား ငွေကျပ်သိန်း(၅၀)၊ Automotive Association of Myanmar မှ ငွေကျပ်သိန်း(၃၀၀)၊ ရန်ကုန်စက်မှုတက္ကသိုလ်(၁၉၈၄)ခုနှစ် မြို့ပြ ကျောင်းသား၊ ကျောင်းသူ ဟောင်းများမှ ငွေကျပ်(၁၁၅)သိန်း၊ စုစုပေါင်း ငွေကျပ်(၄၆၅)သိန်း ပေးအပ်လှူဒါန်းကြသည်။


ထို့အတူ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)နှင့်ဇနီး ဒေါ်မြမြစန်းမိသားစုမှ ပျဉ်းမနားမြို့ နံတော်စဉ် ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ (၇၀)၊ မြို့ဦးဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူ(၁၅၂)ဦး၊ မြို့လယ် ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူ(၇၈)ဦး စုစုပေါင်း (၃၀၀) တို့အတွက် နေ့လယ်စာ ထမင်းဘူး(၃၀၀)ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

No comments

Powered by Blogger.