မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း တတိယအကြိမ် ဗဟိုကောင်စီ အစည်းအဝေး ကျင်းပ

 


နေပြည်တော်၊ စက်တင်ဘာ ၁၅

မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း တတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ်၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံဆေးကောင်စီ နာယက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နာယကအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ခင်မောင်အေးနှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။

ဦးစွာပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှမွေးထုတ်ပေးသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ၏ (Professional Ethics) ကျင့်ဝတ်ပိုင်းဆိုင်ရာများကို သက်ဆိုင်ရာကောင်စီများက ထိန်းကျောင်းပေးရန် အရေးကြီးကြောင်း၊ ကုသရေးအပိုင်းတွင် နိုင်ငံတော်၏မူဝါဒဖြစ်သည့် “ဆေးရုံတိုင်းတွင်ဆရာဝန်ရှိရမည်” ဆိုသည့် မူဝါဒအတိုင်း ဆရာဝန်များဖြည့်ဆည်းခြင်း၊ ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ဝန်ထမ်းများ ဖြည့်ဆည်းခန့်အပ်ခြင်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ဆိုင်ရာ စက်ကိရိယာများ အဆင့်မြှင့်တင်ဖြည့်ဆည်းခြင်း၊ ဆေးဝါးများ အလုံအလောက် ဝယ်ယူဖြည့်တင်းပေးခြင်းဖြင့် ပြည်သူများစိတ်ချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည့်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွင်လည်း ရောဂါကာကွယ်နှိမ်နင်းရေး၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်း လုပ်ငန်းများကို online စနစ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ် သက်တမ်းသည် ယခုနှစ်ကုန်ပိုင်းတွင် ကုန်ဆုံးမည်ဖြစ်သဖြင့် တတိယလေးနှစ် သက်တမ်းအတွက် ကောင်စီဝင်များ ရွေးချယ်တင်မြှောက်ရန်ရှိသဖြင့် မြန်မာနိုင်ငံဆေးကောင်စီ သက်တမ်းအသစ်အတွက် ရွေးချယ်ရာတွင် မြန်မာနိုင်ငံဆေးကောင်စီအတွက် ကောင်းမွန်သော လက်ဆင့်ကမ်းမှု ဖြစ်ရန်အတွက် တိုင်ပင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် ဆရာဝန်မှတ်ပုံတင်ခြင်း၊ ဆေးကုသခွင့်လိုင်စင်များ သက်တမ်းတိုးခြင်း၊ အထူးဆေးကုသခွင့် လိုင်စင်ခွင့်ပြုခြင်း၊ ယာယီသိမ်းဆည်းထားသည့် ဆေးကုသခွင့်လိုင်စင်များ ပြန်လည်ထုတ်ပေးနေမှု အခြေအနေများ၊ Continuing Professional Development for Medical Doctors နှင့်ပတ်သက်၍ ဆောင်ရွက်မည့် အခြေအနေနှင့် Medical School Accreditation ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ကောင်စီဝင် ဒေါက်တာရဲမြက စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားရေးနှင့် ပတ်သက်၍ စီစဉ်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးဌာနမှူးများ၊ ကောင်စီဝင်များက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆေးကောင်စီက အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွက် ကျပ်သိန်း (၁၅၀) နှင့် ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ်သိန်း (၁၅၀) စုစုပေါင်းသိန်း (၃၀၀) ကိုလည်းကောင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီက အမျိုးသား သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွက် ငွေကျပ် (၂၅) သိန်းနှင့်ရေဘေးသင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အလှူငွေကျပ်သိန်း (၅၀) စုစုပေါင်း (၇၅) သိန်းကိုလည်းကောင်း၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်က ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ် (၈၆) သိန်း (၄) သောင်းကျပ်ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး မှတ်တမ်းတင် ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.