ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ
နေပြည်တော်
စက်တင်ဘာ ၁၆
၂၀၂၄
ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World
Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၅၈)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊
ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ အိုဇုန်းယူနစ်အဖွဲ့ဝင် ကိုယ်စားလှယ်များ၊
လေအေးပေးစက်ဆိုင်ရာ ပညာရှင်အသင်းများမှ ကိုယ်စားလှယ်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းက မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာ ကွယ်ရေးဆိုင်ရာ
ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ
မွန်ထရီရယ်နောက်ဆက်တွဲ စာချုပ်များတွင် အဖွဲ့ဝင်ဖြစ်ပြီး အဆိုပါစာချုပ်၏ ပြင်ဆင်ချက်
၄ ခု ဖြစ်သော လန်ဒန်ပြင်ဆင်ချက်၊ ကိုပင်ဟေဂင်ပြင်ဆင်ချက်၊ မွန်ထရီရယ်ပြင်ဆင်ချက်၊ ပေကျင်းပြင်ဆင်ချက်များ
တွင်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အိုဇုန်းလွှာ ထိန်းသိမ်းရေးလုပ်ငန်းစဉ်များနှင့်
လိုက်နာရမည့် ကတိကဝတ်များကို
အပြည့်အဝ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ထရီရယ်သဘောတူစာချုပ် အဖွဲ့ဝင်ဖြစ်သည့်
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ အိုဇုန်းလွှာထိခိုက်ပျက်စီးစေသော ဒြပ်ပစ္စည်းများတင်သွင်းမှုကို
ထိန်းချုပ်ကန့်သတ်ခြင်းလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အိုဇုန်းလွှာပျက်စီးစေသည့် အအေးပေးပစ္စည်းများသုံးစွဲမှု လျှော့ချခြင်းတို့ကို
ကမ္ဘာ့နိုင်ငံများနည်းတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူတစ်ဦးတစ်ယောက်ချင်းကလည်း တက်ညီလက်ညီ
ပူးပေါင်းပါဝင်ဆောင်ရွက်မှသာလျှင် ရည်မှန်းချက်ပန်းတိုင်သို့ ချောမွေ့အောင်မြင်စွာ
ရောက်ရှိနိုင်မည်ဖြစ်သောကြောင့် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု
တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရေးတွင် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်၏ သဝဏ်လွှာကိုဖတ်ကြားသည့်
Video
၊ ကုလသမဂ္ဂ
ပတ်ဝန်းကျင်အစီအစဉ် (UNEP) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Inger Andersen ၏
Memorial Video ၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အသိပညာပေး Video ပြသခြင်းအစီအစဉ်နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက်
အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များသည် အိုဇုန်းအသိပညာပေးပြခန်းများကို
လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments