ဒုတိယဝန်ကြီး ဦးလူမွန် သဘာဝဘေးအန္တရာယ်ကြောင့် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်မှုနှင့် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၁၆
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရာဂီတိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးခဲ့မှုများကြောင့် ဆက်သွယ်ရေးစနစ်ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ သွားရောက်၍ ဆက်သွယ်ရေး စနစ်များ ပြန်လည်ကောင်းမွန်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရမည်းသင်း အော်တိုအိတ်ချိန်းသို့ ရောက်ရှိပြီး အိတ်ချိန်းအဆောက်အအုံနှင့် စက်ခန်းများအတွင်း ရေဝင်ရောက်ခဲ့မှု၊ ပြန်လည်ပြင်ဆင် တပ်ဆင်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ သဘာဝဘေး အန္တရာယ်သည် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့်အတွက် စက်ခန်းအတွင်း ရေဝင်ရောက်မှုမရှိရေး ရေကာများ ဆောင်ရွက်ထားရှိရန်၊ စက်ခန်းအတွင်း စက်ပစ္စည်းများ တပ်ဆင်ထားရှိသည့် Cabinet နှင့် Frame များကို ရေကင်းလွတ်နိုင်သည့် အမြင့်သို့ မြှင့်တင်ထားရှိရန်၊ ရေကျပြီးသည့်အချိန်တွင် ဆက်သွယ်မှုပြန်လည်ရရှိနိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်ညောင်ကျေးရွာအနီး မိုင်တိုင် ၄၆ တွင် ရေ တိုက်စားသဖြင့် အဝေးဆက်သွယ်ရေးဖိုင်ဘာတိုင်များ လဲကျနေမှုကိုလည်းကောင်း၊ လမ်းခရီး တစ်လျှောက် ရေတိုက်စားသဖြင့် ပြတ်တောက်နေသော ဖိုင်ဘာဆက်ကြောင်းများကို လည်းကောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ပြန်လည်ပြင်ဆင်ထားသည့် မိုဘိုင်းစခန်း၊ အော်တိုအိတ်ချိန်းနှင့် စာတိုက်ရုံးများကိုလည်းကောင်း၊ အေးသာယာအော်တိုအိတ်ချိန်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဆက်သွယ်ရေးဆက်ကြောင်း အမြန်ဆုံးရရှိနိုင်ရေးအတွက် ယာယီဖိုင်ဘာလမ်းကြောင်း သွယ်တန်းဆောင်ရွက်ထားရန်နှင့် ရေဝင်ရောက်မှု မရှိစေရေးအတွက် ဆောင်ရွက်ရမည့် အစီအမံများနှင့် အရေးကြီးစာရွက်စာတမ်းများ စနစ်တကျသိမ်းဆည်းရန် အစီအမံများကို မှာကြားခဲ့သည်။
စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်မန်နေဂျာရုံး၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Atom Myanmar Limited၊ Ooredoo Myanmar Limited နှင့် Telecom International Myanmar Limited တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဆက်သွယ်ရေးစနစ်များပြတ်တောက်ခဲ့မှုနှင့် ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိမှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့ရှိ တည်ဆောက်ပြီးစီးနေပြီဖြစ်သော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရေဒီယိုလှိုင်းနှုန်း တိုင်းတာရေးစခန်းကိုလည်းကောင်း၊ ဟဲဟိုးစာတိုက်နှင့် အော်တိုအိတ်ချိန်းရုံးများကိုလည်းကောင်း၊ အောင်ပန်းစာတိုက်နှင့် အော်တိုအိတ်ချိန်းများကိုလည်းကောင်း၊ ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် အဓိက ဆက်သွယ်မှုနေရာများကို လည်းကောင်း၊ ကလောစာတိုက်နှင့် ကလောအော်တို အိတ်ချိန်းရုံးများကိုလည်းကောင်း၊ ကလော-နေပြည်တော် လမ်းကြောင်းတစ်လျှောက် ဖိုင်ဘာလမ်းကြောင်း အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments